Tuesday, May 05, 2015

အဓိက ခေါင်းဆောင်များအကြား ကျယ်ပြန့်သော သဘောတူညီချက် မရှာဖွေနိုင်ခြင်းကို သင်ခန်းစာယူရမည်ဟု သမ္မတဦးသိန်းစိန်ဆို


မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေး ရွေးချယ်မှုများတွင် အဓိက ခေါင်းဆောင်များ အကြား ကျယ်ပြန့်သောသဘောတူညီချက် မရှာဖွေနိုင်ခဲ့ခြင်းကိုသင်ခန်းစာယူရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
မေလ ၄ ရက်နေ့ နိုင်ငံတော်သမ္မတ၏ လစဉ် ရေဒီယိုမိန့်ခွန်းတွင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ပတ်သက် ပြီး ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ နိုင်ငံရေး ရွေးချယ်မှုတွေမှာ အဓိက ခေါင်းဆောင်တွေ အကြား ကျယ်ပြန့်တဲ့ သဘောတူညီ
ချက်တွေကို မရှာဖွေနိုင်ခဲ့တာကို သင်ခန်းစာအနေနဲ့ ယူပြီးတော့ ခေါင်းဆောင်တွေအကြား နားလည်မှု ပိုမိုရရှိဖို့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတကာဥပမာများအရ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးရေချိန်များ မြင့်တက် လာပြီး နိုင်ငံရေးအင်အားစုများနှင့် ပြည်သူများ၏ မျှော်လင့်ချက်များ မြင့်မားလာလေ့ ရှိသောကြောင့် ယင်း အခြေအနေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ရွေးကောက်ပွဲမတိုင်မီကြားကာလ နိုင် ငံရေး တည်ငြိမ်မှု ရှိရေးသည် အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကတိုက်တွန်းထားသော နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မူအားဖြင့် သဘောတူညီ ခဲ့ခြင်း ဖြစ်ကာ အခြေခံဥပဒေတွင် ပြင်ဆင်မည့် အချက်များအတွက်ဒုတိယအကြိမ် ဆွေးနွေးပွဲကို မေ လနောက်ပိုင်းတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ် တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိအစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော် သို့ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ခြောက်ပွင့်ဆိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်
 ဒေါက်တာအေးမောင်က ပြောကြားသည်။

“ခုအချိန်အထိ ဘာမှမကြားသေးဘူး။ အခု လွှတ်တော်ကလည်း နားထားတာပဲလေ။ ကြားထဲမှာ အားတဲ့ ရက်ကလေးတွေ ရှိပါတယ်။ အစိုးရအဖွဲ့ကလည်း မအားတာ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြား
သည်။

သို့သော်လည်း လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ပြည်ပခရီးစဉ်များ သွားရောက်နေသောကြောင့် ထပ်မံပြုလုပ်မည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ နေ့ရက်ကို ညှိနှိုင်းသတ်မှတ် မရသေးကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မေလ ၃ ရက်နေ့က သတင်းမီဒီယာများကို ပြောကြားထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List