ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားသစ်လောင်းပေး တာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် အကြွင်းသုည ကစားပွဲရဲ့ နိဒါန်းလည်း ဖြစ်သွားနိုင်ပါတယ်။ရွေးကောက်ပွဲကို တရားနည်းလမ်းတကျ ကျင်းပမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြတ် ပြတ် သားသား အနိုင်ရလိမ့်မယ်။
ဒါပေမယ့် လက်တွေ့မှာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ အခြေ အနေဖြစ်ဖို့ မသေချာဘူး။ အာမခံချက် မရှိဘူး။ အကယ်၍ လွတ်လပ်မျှတမယ်။ NLD ကလည်း အနိုင်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကိုသမ္မတ ဖြစ် ခွင့် ပိတ်ပင်ထားလို့ မြန်မာပြည်ကို ဦးဆောင် မယ့်လူဟာ စနစ်ဟောင်းက လူတယောက်ပဲ ဖြစ် လာနိုင်သေးတယ်။
ဒါကတော ICG (International Crisis Group) ရဲ့ အစီရင်စာအသစ်မှာ ဖော်ပြထားတဲ့ အရေးကြီးတဲ့ သုံးသပ်ချက်ပါ။ နိုင်ငံတကာ အကြပ်အတည်း ပေါင်းစုံကို လေ့လာသုတေသနပြုပြီး အကြံပြုစာ တမ်းတွေ ရေးသားနေတဲ့ အဖွဲ့ဟာ အရင်ကလည်း မြန်မာပြည်အကြောင်း သုတေသန စာတမ်းငယ် တွေ ကို အလျဉ်းသင့်သလို ထုတ်ခဲ့ဖူးပါတယ်။ အခုနောက်ဆုံး စာတမ်းကို ရေးဖို့ မြန်မာပြည်တွင်းမှာ လေ့လာမှု အသစ်တွေကို ပြုလုပ်ခဲ့သလို အရင်က လေ့လာထားတဲ့ အချက်တွေနဲ့ ပေါင်းစပ် ညှိနှိုင်းခဲ့တယ်လို့ ဆိုပါ တယ်၊ မြန်မာ့ရွေးကောက်ပွဲ အခင်းအကျင်း (Myanmar Electoral Land-scape) စာတမ်းမှာ စာမျက်နှာ ၃၆ မျက်နှာ ပါဝင် ပါတယ်။
သုံးသပ်ချက်စာတမ်းကို အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုပြီး အပိုင်းသုံးပိုင်း ခွဲကြည့်ပါမယ်။ အတိတ်အပိုင်း မှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ အညီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ လေးကြိမ် (၁၉၄၇၊ ၁၉၅၁၊ ၁၉၅၆၊ ၁၉၅၈၊ ၁၉၆၀)၊ ၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဆိုဗီယက် ပုံစံ တပါတီ စနစ်အောက်မှာ) ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ လေးကြိမ် (၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၃) တို့ ရှိခဲ့တယ်။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျရာက သမိုင်းဝင် ၁၉၈၈ လူထုအရေးတော်ပုံ ပေါ်ပေါက်ပြီး တပါတီခေတ်ကို နိဂုံးချုပ်ပေးလိုက်တယ်။
နောက်တော့ အားလုံးသိတဲ့ အတိုင်း ၁၉၉၀ ရွေးကောက်ပွဲ။ ၉၃ ပါတီ ဝင်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က အမတ်နေရာ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော် (မဲအားလုံးရဲ့ ၆၀) ရာခိုင်နှုန်းကျော် ရရှိခဲ့တယ်။ မြန်မာ့ ဆိုရှယ်လစ် ပါတီကို နာမည်ပြောင်းပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) က အမတ်နေရာ အားလုံးရဲ့ ၂ ရာခိုင်နှုန်း (မဲ အားလုံးရဲ့ ၂၁) ရာခိုင်နှုန်းပဲ ရခဲ့တယ်။ ဒါပေမယ့် စစ်တပ်က အနိုင်ရပါတီကို အာဏာမအပ်ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်း ဆောင်တွေကို ဖမ်းဆီးအကျဉ်းချခဲ့တယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ ဆိုပြီး ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကို စစ်တပ် စိတ်ကြိုက်ကိုယ်စား လှယ်တွေနဲ့ ကျင်းပလိုက်တာ ၂၀ဝ၈ ဖေဖော်ဝါရီလမှာ မူကြမ်းကို အတည်ပြုနိုင် ခဲ့တယ်။ အဲဒီနောက်တော့ ၂၀ဝ၈ မေလမှာ ဂုဏ်သိက္ခာမဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီး ပြည်သူ ၉၂ ရာခိုင်နှုန်း က ထောက်ခံ တယ်လို့ ကြေညာခဲ့တယ်။
အဲဒီနောက်မှာတော့ NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံ ပေးထား တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က အပြတ်အသတ် နိုင်တယ်။ အောက် လွှတ် တော်အမတ်နေရာ ၈၀ ရာခိုင် နှုန်း၊ အထက်လွှတ်တော် အမတ်နေရာ ၇၇ ရာခိုင် နှုန်း၊ တိုင်းနှင့်ပြည် နယ် လွှတ်တော်အမတ် နေရာ ၇၅ ရာခိုင်နှုန်း အသီးသီးရရှိခဲ့တယ်။ ဒီလိုနိုင်အောင် ရွေးကောက်ပွဲကာလ မှာ မူမမှန်တာတွေ မျိုးစုံရှိခဲ့ပြီး ကြိုတင်မဲတွေက အဆုံးအဖြတ်နေရာမှာ ရှိခဲ့တယ်။
လွှတ်တော်ကို ၂၀၁၁ ဇန်နဝါရီလ ၃၁ မှာ ခေါ်ယူပြီး မတ်လ ၃၀ မှာတော့ သမတ ဦးသိန်းစိန် ခေါင်းဆောင် တဲ့ အစိုးရသစ် စတင်တာဝန်ယူတယ်။ ၂၀၁၂ ဧပြီမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကတော့ မဲဆွယ် တဲ့ အချိန်ကစလို့ အခြေအနေ ၂၀၁၀ က အခြေအနေထက် ပွင့်လင်းခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲက အကျိုးရလဒ်နှစ်ခု ရရှိခဲ့ တယ်လိှု့ဃွ က သုံးသပ်တယ်။ ပထမ ရလဒ်က ပြည်တွင်း၊ ပြည်ပမှာ အစိုးရသစ် ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့ပြီး၊ ဒုတိယ ရလဒ်ကတော့ အတိုက်အခံ (အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD) တို့နဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်း ပွင့်ခဲ့ တယ်။ NLD က ၄၃ နေရာမှာ အနိုင်ရ ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်မှာ ဒုတိယ အင်အား အကြီးဆုံးပါတီ ဖြစ်လာတယ်။ ဒီအထိ နိုင်ငံရေး ဖြစ် စဉ်ကို အတိတ်လို့ သတ်မှတ်နိုင်ပါတယ်။
လက်ရှိ ပစ္စုပ္ပန် အခြေအနေကို ကြည့်မယ် ဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်က စေလွှတ် ထားတဲ့ စစ်သားအမတ်က တမတ်သား (လေးပုံတပုံ) ရှိနေတယ်။ ဒီမိုကရေစီ မကျတဲ့ အရေးကြီးတဲ့ ပုဒ်မ တွေ ကို ပြင်တဲ့ အခါတိုင်း စစ်သားအမတ်တွေက ဗီတို အာဏာနဲ့ ပယ်ချနိုင်တယ်။ ဖွဲ့စည်းပုံပြင်ဆင် ရေး မှာ သော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို မပြင် နိုင်သေးဘူး။ သမ္မတ အရည်အချင်းသတ်မှတ်ချက် ၅၉ (စ) က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် တမင်ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေ ဖြစ်နေ တယ်။ အရင်ရှိခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ခု (၁၉၄၇၊ ၁၉၇၄) မှာ မပါတဲ့ စည်းကမ်းချက်တွေ ထည့်သွင်း ထားတယ်။ ဒီလို ပုဒ်မတွေ အပါအဝင် ဒီမိုကရေစီ မကျတဲ့ ပုဒ်မတွေ ကိုပြင်ဖို့ ကြိုးစားပေမယ့် ကြန့်ကြာနေတာ ရွေး ကောက်ပွဲ ကျင်းပတဲ့အထိ ပြင်နိုင်မယ့် အခြေအနေ မရှိတော့ဘူး။
ရွေးကောက်ပွဲ အကြိုကာလ ပြည်တွင်း ငြိမ်းချမ်းရေးအပိုင်းကို ကြည့်ရင် တနှစ်ခွဲကြာအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဒါဇင်ကျော်နဲ့ အစိုးရတို့ ညှိနှိုင်းမှုတွေမှာ တိုးတက်မှု ရှိသလောက် ရှိခဲ့တယ်။ ဒီနှစ် မေလ ၃၁ ရက်နေ့က တပြည်လုံး အပစ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဘက်က စေလွှတ်ထားတဲ့ ညှိနှိုင်းရေးမှူးတွေ သဘောတူခဲ့ ပေမယ့် ခေါင်းဆောင်တွေဆီက ထောက်ခံမှု လိုအပ် နေသေးတယ်။ ဒီကြားထဲမှာ ရှမ်း၊ ကချင်နဲ့ ကိုးကန့် ဒေသမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်။ ဒီလို အခြေ အနေ နောက်ခံ မှာ ရွေးကောက်ပွဲကို ကျင်းပရမှာ ဖြစ်လို့ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အလွန်မှာ မရေရာမှုတွေက များနေတယ်။
ရွေးကောက်ပွဲဟာ ကြံ့ခိုင်ရေးပါတီနဲ့ လူဟောင်း တွေအတွက် နေညိုချိန် ဖြစ်နိုင်တယ်။ သူတို့ ကိုယ်တိုင်ရဲ့ အတိတ်သမိုင်းနဲ့ ဆိုင်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူကြိုက်များမှု၊ တိုင်းရင်းသားပါတီတွေ ပိုပြီး စနစ်ကျလာတာနဲ့ ဆိုင်တယ်။ မဲများသူ အနိုင်ယူရစတမ်း စနစ် (FPTP) စနစ်နဲ့ လည်း ဆိုင်လိမ့်မယ်။ ဒီလို အရှိတရားကို ရှောင်လွှဲလို့ မရဘူးဆိုတာကို အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ထဲက ပြုပြင်ပြောင်းလဲရေး ဝါဒီ တချို့က နားလည်ပုံ ရပေမယ့် ကြံ့ခိုင်ရေးပါတီ တခုလုံး၊ အာဏာလက်မလွှတ်ချင်တဲ့ အရိုးရင့်ပုဂ္ဂိုလ်တွေ က အရှုံးကို လက်ခံနိုင်မလားဆိုတာ မသေချာသေးဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထောက်ခံ သူတွေ အပိုင်းမှာလည်း ရွေးကောက်ပွဲအလွန်ကို ကြို တင် ပြင်ဆင်တဲ့ အပိုင်းမှာ အားနည်းနေတယ်။ အန်အယ်ဒီက ရွေးကောက်ပွဲမှာ သုံးပုံနှစ်ပုံအောက်ပဲ အနိုင်ပါစေဦး၊ မဟာမိတ်တွေရဲ့ အင်အားနဲ့ NLD ဟာ ဒုတိယသမ္မတလောင်းတယောက်ကို တင်နိုင်တဲ့ အင်အားရှိလာလိမ့် မယ်။ ဒါပေမယ့် ဒေါ်အောင် ဆန်းစုကြည်ကို တင်မြှောက်ဖို့အတွက် ဖွဲ့စည်းပုံက အကန့်အသတ် ရှိနေတယ်။ NLD မှာ နံပါတ်နှစ် ခေါင်းဆောင် မရှိတဲ့အတွက် အပေးအယူ သဘော အရ စနစ်ဟောင်းက ပြုပြင်ပြောင်းလဲ ရေးသမားလို့ ယူဆသူတယောက်ကိုပဲ ဆွဲတင်ရမယ့် သဘောမျိုး ဖြစ်နေ တယ်။ ဒီလိုဖြစ်လာရင် ဒေါ်စု၊ NLD နဲ့ ထောက်ခံသူတွေ ဘယ်လိုတုံ့ပြန်မလဲ။

ဒီမေးခွန်းဟာ ရွေးကောက်ရေး လုပ်ငန်းစဉ်နဲ့ အစိုးရသစ်အပေါ် အများကြီး သက်ရောက်မှု ရှိလာပါလိမ့် မယ်။
မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ်နေရာမှာ ရှိနေတဲ့ တပ်မတော်က ရွေးကောက်ပွဲကနေ ဘာတွေ မျှော်လင့် ထားသလဲဆိုတာ မသိနိုင်ဘူး။ တပ် ကတော့ တမတ်သား နေရာကို ဆက်ထိုင်ထားပြီး၊ NLD က အများစု အနိုင်ရတဲ့အခါ ဒေါ်အောင်ဆန်း စုကြည် မဟုတ်တဲ့ တယောက်ကို အပေးအယူ သဘောညှိနှိုင်းပြီး သမ္မတတင်မယ်ဆိုရင် လက်ခံမလား။ ဒါလည်း မသေချာပါဘူး။ ၂၀၁၅ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပ ဖြစ်ရင် ရွေးကောက်ပွဲရလဒ်ကို နိုဝင်ဘာထဲမှာ သိနိုင်ပြီး၊ သမ္မတ ရွေးကောက် တင်မြှောက်တဲ့ လုပ်ငန်းစဉ်က ဖေဖော်ဝါရီထဲမှာ ဖြစ်နိုင်တယ်။ ဒီလပိုင်းအတွင်းမှာ အပေးအယူ၊ အညှိအနှိုင်းကိစ္စတွေ ဖြစ် လာနိုင်သလို၊ မသေချာ မရေရာမှုတွေနဲ့ တင်းမာမှုတွေလည်း ပေါ်လာနိုင်ပါ တယ်။
ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးက အန္တရာယ် တွေနဲ့ ပြည့်နေပါတယ်။
ပြန်ချုပ်ရင် ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ မသေချာပါဘူး။ လွတ်လပ်မျှတရင် လွှတ်တော်တွင်း မှာ NLD နဲ့ တိုင်းရင်းသားပါတီတွေ အင်အား ကောင်းလာပြီး ကြံ့ခိုင်ရေးပါတီက လွှတ်တော်တွင်း လွှမ်းမိုးမှု ကျဆင်း သွား နိုင်တယ်။ ဒါကို လက်ရှိ အာဏာရ အုပ်စုရဲ့ ခေါင်းဆောင်ပိုင်းက လက်ခံနိုင် တယ်ဆိုရင်တောင် လက်ရှိနေရာ ကို လက်မလွှတ်ချင်တဲ့ ကြံ့ခိုင်ရေးပါတီတွင်းက တခြားအုပ်စုတွေက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ မရေရာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ အခြေအနေမှာ အပေး အယူသဘော နဲ့ စနစ်ဟောင်းက တယောက်ကို ထောက်ခံပေးရမယ် ဆိုရင် အတိုက်အခံတွေဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာ မသေချာဘူး။ ပြဿနာက ဒီလို မသေချာတဲ့ တုံ့ပြန်ချက်မှုတွေကပဲ ရွေးကောက်ပွဲ အလွန် မြန်မာ့ နိုင်ငံရေးကို ပုံဖော်လိမ့်မယ်။
ဧရာဝတီ

No comments:
Post a Comment