Wednesday, May 06, 2015

စစ်အင်အားသုံးတဲ့မူကို ထိပ်သီးအစည်းအဝေးက အပြင်းအထန် ကန့်ကွက်တယ် – ဗိုလ်မှူးကြီး ခွန်ဥက္ကာ


တပ်မတော်က ကိုးကန့်၊ ရခိုင်နဲ့တအာင်းတပ်တွေအပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်းမှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်း အဝေးက အကြံပြုတိုက်တွန်း ပါတယ်။


ဝ ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ထောက်ခံပေးဖို့ ၀ ခေါင်းဆောင်တွေရဲ့ ပန်ကြားချက် အပေါ် နိုင်ငံရေးယဉ်ကျေးမှုအရ ဘယ်အဖွဲ့ အစည်းကမှ ကန့်ကွက်ခြင်း မရှိခဲ့ကြဘူးလို့ အစည်းအဝေး
တက်သူထံက သိရပါ တယ်။ မေ ၁ ရက်က စတင်တဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့နာယက၊ ညီညွတ်သောတိုင်းရင်းသားလူမျိုများ ဖက်ဒရယ်ကောင်စီ (တွဲဖက်အထွေထွေအတွင်းရေးမှူး-၁)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရဲ့ တနိုငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညိနှိုင်းရေးအဖွဲ့ဝင်၊ ဖက်ဒရယ်တပ်မတော် အကြံပေး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပန်ဆန်းထိပ်သီးဆွေးနွေးပွဲမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောတူညီကြတယ်လို့ ကြားရပါတယ်။ အဲဒါကို ရှင်းပြပေးပါ။

“ပြင်ဆင်ရေးလုပ်ရမယ်ဆိုတဲ့ဟာကို အားလုံးသဘောတူတာပါ။ ၂၀၀၈ကို ပြင်ရမယ် ဆိုတဲ့ဟာကို အားလုံသဘောတူတယ်။ အဲဒါပါပဲ။”

ဒီထိပ်သီးဆွေးနွေးပွဲမတိုင်မီက အရင်က ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရာက နေအခု ပြင်ဆင်တဲ့အပိုင်းကို ရွေ့လျားလာ တယ် ဆိုတဲ့သဘောလား။

“မရွေ့ပါဘူး။ အများသဘောတူလေ ကျနော်ပြောတာက။ ယူအန်အက်ဖ်စီကတော့ လက်မခံဘူး။

အသစ်ရေးတဲ့ဟာပေါ့။ ဒီမှာ အသစ်ရေးဖို့တောင်းဆိုတဲ့ အဖွဲ့တွေ လည်းရှိပါတယ်။ သို့သော် အားလုံးရဲ့ ဘုံတူညီချက်ကျတော့ ဒီ အသစ်ရေးတာ ထက်စာရင် လောလောဆယ်ဆယ်တော့ ၂၀၀၈ ပြင်ဆင်ရေးမှာ အားလုံး ဘုံ သဘောတူညီချက်ရတယ်ပေါ့ဗျာ။ ပြင်ဆင်တဲ့နေရာကနေ လိုအပ်ရင်တော့ အသစ်ရေး တာပေါ့။ အသစ်ရေးဖို့အတွက်က တဖွဲ့၊ ၂ ဖွဲ့လောက်တော့ တင်တာရှိ တယ်လေ။ သို့သော်လည်းပဲ အများကတော့ ပြင်ဆင်ရေးလိုင်းပေါ်မှာရှိတာ၊ အဲဒီပြင်ဆင်ရေးကိုပဲ အားလုံးသဘောတူတယ်လို့ သတ်မှတ် လိုက်တာပေါ့”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့မိုင်းလား အထူးဒေသ ၄ က တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများရဲ့ တပြည်လုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ) ၀င်တွေ မဟုတ်ဘူးဆိုတော့ ဒီထိပ်သီးဆွေးနွေးပွဲမှာ သူတို့ ၂ ဖွဲ့ ကရော အန်စီစီတီထဲမှာ ပူးပေါင်းပါဝင်လာဖို့ အခြေအနေ ဘယ်လို ရှိသလဲ။

“ဘယ်အဆင့်မှာပါမယ်တော့ မသိဘူးပေါ့။ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ သူတို့ ၂ ဖွဲ့ တည်းမကပါဘူး ရှမ်းပြည်တပ်မတော် တောင်ပိုင်း (အာရ်စီအက်စ်အက်စ်)လည်းပဲ အန်စီစီတီအဖွဲ့ဝင်မဟုတ်ပါဘူး။ အာရ်စီ အက်စ်အက်ရယ်၊ ၀ရယ်၊ မိုင်းလားရယ် ဒီအဖွဲ့တွေကျတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းကို ရှာပြီးတော့ ပါကြမှာပါ၊ အထူးသဖြင့်တော့ အဆင့်တခုမှာပေါ့၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာလား (သို့တည်းမဟုတ်) နိုင်ငံရေးဆွေးနွေးပွဲ အတွက် မူဘောင်ရေးဆွဲတဲ့ အဆင့်မှာလား၊ (သို့တည်းမဟုတ်) နိုင်ငံရေးဆွေးနွေးပွဲ တစ်ကယ်လက်တွေ့ ၀င်ပြီးတော့ ဆွေးနွေးတဲ့အချိန် မှာလား။ အတူတကွ ပူပေါင်းဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ သဘောတူပြီးသားဖြစ်ပါတယ်။”
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (အက်ဖ်ယူအေ) မှာရော လက်နက်ကိုင် အင်အားကြီးတဲ့ ၀တို့၊ မိုင်းလားတို့ ပူးပေါင်းပါဝင်မယ့်အခြေအနေ ဘယ်လိုရှိလဲ။

“အဲဒီနေရာတော့ ကျနော် ပြောခွင့်မရှိဘူး။ ပြောခွင့်မရှိသေးဘူးခင်ဗျ။ ကျနော်တို့ မပြောသေးဘူး။”
သတင်းဝေဖန်သုံးသပ်ထင်မြင်ချက်တွေမှာ ဒီထိပ်သီးဆွေးနွေးပွဲဟာ သတင်း ထုတ်ပြန်မှု သိပ်တင်းကြပ် တယ်။ ပြည်တွင်းစစ် ဟုန်းဟုန်းတောက်လေမလားလို့ စိုးရိမ်တဲ့ထင်မြင်ချက်တွေ တွေ့ရပါတယ်။ ဒီတွေးဆချက်တွေဟာ အခြေအမြစ် ရှိလား။
“အခြေအမြစ်မရှိပါဘူး။ အားလုံးဘုံသဘောတူညီချက်ကဘာလဲ ဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့ဟာတော့ အားလုံးသဘောတူညီချက်ဖြစ်တယ်။ အဲဒါကို မနက်ဖြန် ထုတ်ပြန်ကြေညာချက်ထဲမှာထည့်မှာပါ။လက်ရှိနိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ရှင်းမယ်။

ဒါ အားလုံးသဘောတူတယ်။ တူတဲ့အပြင်ကို စစ်အင်အားသုံးပြီးတော့ ဖြေရှင်းတဲ့နည်းကို ကန့်ကွက်တယ်၊ လက်မခံဘူး ဆိုတာလည်း အားလုံးသဘောတူတယ်။ တူတဲ့အခါကျတော့ ကျနော်တို့က အဲဒါကို အင် အားတွေစုပြီးတော့ ပြည်တွင်းစစ်ကို မြှင့်ဖို့ စစ်အင်အားအသုံးပြုဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။ စစ်အင်အားသုံးတဲ့မူကို ကျနော်တို့က ဒီမှာ အပြင်းအထန် ကန့်ကွက်ထားတာဖြစ်တယ်။” မတ် ၃၁ ရက်က ရန်ကုန်မှာ အန်ကယ်တို့ အစိုးရဘက်က ဦးအောင်မင်းတို့နဲ့ သမ္မတရှေ့မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောညီချက် မူကြမ်း(အန်စီအေ) Single Text အပေါ် ထိပ်သီး ၁၂ ဖွဲ့ရဲ့သဘောထားက ဘယ်လိုရှိလဲ။

“Single Text ကိုတော့ ကြိုဆိုထောက်ခံတာ များပါတယ်။ ကန့်ကွက်တဲ့လူတော့ မရှိပါဘူး။ သို့သော် ဒီ Single Text အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်တွေ့ ထိပ်သီးတွေကိုယ်တိုင် တရားဝင် ပါဝင် လက်မှတ်ထိုးနိုင်ဖို့အတွက်ကတော့ Ground Situation (အခြေခံသတ်မှတ်ချက်) ပေါ့ဗျာ Pre-condition (ကြိုတင် သတ်မှတ် ချက်) တွေ ထပ်ဖြည့်ဖို့တော့ရှိတယ်လို့ သိရပါတယ်။ အဲဒီဟာတွေ ကလည်းပဲ ကျနော်တို့ ဒီ ၁၂ ဖွဲ့အဆင့်မှာ မဟုတ်ဘဲနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့များ ညီလာခံ (အီးအေအို) ထိပ်သီး လိုင်ဇာတို့၊ လော်ခီးလာ တို့လို ပွဲတခုမှာ ထပ်ပြီးတော့ Condition (သတ်မှတ်ချက် ) တွေ ထပ်ပြင်ဖို့ဟာကို အဲဒီအခါကျမှ တရားဝင် ဆွေးနွေးမယ်လို့ စီစဉ်ထားပါတယ်။ အခု ၁၂ ဖွဲ့ကတော့ ၀၊ မိုင်းလား အခြေခံပြီးတော့ သူတို့ ဖိတ်ကြားထားတဲ့အတွက် သူတို့ရဲ့ အဓိက ဦးစားပေးချင်တဲ့အချက်တွေ ကိုပဲ ကျနော်တို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

ရခိုင်၊ တအာင်းနဲ့ ကိုးကန့်တပ်ဖွဲ့တွေ ဆက်လက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေ ပြောဖြစ်ကြသေးလဲ။

“အဲဒါ (တိုက်ပွဲတွေကို) ချက်ခြင်းရပ်ဆိုင်းပေးဖို့။ အဲဒီထိုးစစ်တွေကို၊ အဲဒီအဖွဲ့ သုံးဖွဲ့နဲ့တိုက်နေတဲ့ တိုက် ပွဲတွေကို ရပ်စဲပေးဖို့ တောင်းဆိုတယ်။ ရပ်စဲရုံမကဘူး ဒီ ၃ ဖွဲ့ကိုလည်း Dialogue Partner (ဆွေးနွေး ဖက်) တွေပေါ့ဗျာ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့အတွက် ပါဝင်သင့်တယ်ဆိုတာလည်း ကျနော်တို့ ဒီအစည်းအဝေးကနေ အကြံပြုတာပေါ့။ ဒါတွေပါတာပေါ့။”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် တိုးမြှင့်ရရှိဖို့ ထိပ်သီးဆွေးနွေး ပွဲမှာ တောင်းဆိုတာနဲ့ ပတ်သက်လို့ ကျန်ထိပ်သီး ၁၁ ဖွဲ့ရဲ့ သဘောထားကို ပြောပြပါ။

ကျနော်တို့ကြားတာက ၇ ဖွဲ့က သဘောတူ တယ်ကြားလို့။ သဲသဲကွဲကွဲဖြစ်အောင် ပြောပြပါ။
“အားလုံးတော့ သဘောတူကြပါတယ်။ သဘောတူတဲ့နေရာမှာတော့ အနိမ့်အမြင့် ကွာတာကတော့ တချို့ကျတော့ အပြည့်အ၀ ထောက်ခံတယ်။ နိုင်ငံရေး နည်းလမ်းနဲ့ ဆောင်ရွက်သင့်တာတွေ၊ ဥပဒေနည်း လမ်းနဲ့ ဆောင်ရွက်သင့်တာတွေ အကြံပြုတာလည်း ရှိပါတယ်။ သို့သော် တချို့ကျတော့လည်း ကန့်ကွက် စရာ မရှိဘူးဆိုတဲ့ အသုံးအနှုန်းနဲ့ပဲ ဒီလိုပေါ့ဗျာ နိုင်ငံရေးယဉ်ကျေးမှုအရ ကန့်ကွက် စရာမရှိဘူးဆိုတဲ့ အဖွဲ့တွေရှိသလိုပဲ အပြည့်အ၀ထောက်ခံပြီးတော့ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့အဖွဲ့တွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ်တော့ ၀ပြည်နယ် အဆင့်အတန်းတရားဝင်ဖြစ်လာဖို့က ကျနော်တို့ ဒီ ၁၂ ဖွဲ့ထဲမှာတော့ ကန့် ကွက်တာ မရှိပါဘူး။ အပြည့်အ၀ထောက်ခံပြီးတော့ နည်းနာတွေ ၀ိုင်းဝန်းရှာဖွေကြတဲ့ အဆင့်အထိ ရောက် ခဲ့ပါတယ်။”

ဒီထိပ်သီးဆွေးနွေးပွဲကို ဆက်တိုက်တက်ခဲ့သူတဦးအနေနဲ့ ထူးခြားဖြစ်စဉ် ကျန်ရှိတာ ဘာပြောစရာကျန် ဦးမလဲ။

“ခြုံပြီးတော့ ပြောစရာတော့မရှိသေးပါဘူး။ ကျနော်ထင်တယ် မနက်ဖြန် (မေလ ၆ ရက်နေ့) ထုတ်ပြန်မယ့် ထုတ်ပြန်ကြေညာချက်ကို စောင့်ကြည့်ပေးပါလို့။ ကျနော် ကြိုပြောလို့ မသင့်တော်ပါဘူး။ ထုတ်ပြန်ကြေညာ ချက်ရဲ့ အရသာ ပေါ့သွား မယ်လေ။”

DVB

No comments:

Post a Comment

My Blog List