Thursday, May 07, 2015

အသစ်ပေါ်ထွက်လာမည့် နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်မည် မဟုတ်ဟု ကြံ့ခိုင်ရေးပါတီဆို


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားဆဲ ဖြစ်သော အသစ်ပေါ်  ထွက်လာမည့် နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော် က ပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြိုတင်ပြင်ဆင်မှု များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲအရေအတွက် ပိုမိုခိုင်မာစေရေး ပါတီစည်းရုံးရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်မည် ဖြစ်သော်လည်း အသစ်ပေါ်ထွက် လာမည့် နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်ရန် အစီအစဉ်မရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့နဲ့အတူ မဟာမိတ်ဆက်ဆံရေး ရှိတဲ့ ပါတီ ကိုးခု၊ ဆယ်ခုလောက် ရှိတယ်။ အဲဒါတွေနဲ့ပဲ ဆက်ပြီးတော့ သွားမယ်။ အသစ်ပေါ်လာမယ့် ပါတီတွေ ကို ထောက်ခံတာလည်း မရှိဘူး။ မဟာမိတ် ဆက်ဆံရေး ထူထောင်ဖို့လည်း မရှိဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ် အလိုက် မဲပိုမိုရရှိရေးအတွက် တိုင်းရင်းသားဒေသများမှ နိုင်ငံရေးပါတီ အချို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ် ဆက်ဆံရေး ထူထောင်ခြင်းများ ရှိနေသည်ကို သိရှိထားပြီး အသစ်ပေါ်ထွက်လာမည့် နိုင်ငံရေးပါတီများတွင် လည်း မဟာမိတ် ဆက်ဆံရေး ထူထောင်မှုများ ရှိလာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအေးသာအောင်က ပြောကြားသည်။

“ကျွန်တော်ထင်ပါတယ်။ အခု အသစ်ပေါ်လာမယ့် ပါတီတွေမှာလည်း ဒါမျိုးတွေ ရှိနိုင်ပါတယ်။ ဘာလို့လဲဆို တချို့က ပါတီတည်တံ့ရေးနဲ့ မဲဆန္ဒနယ် ရရှိရေးအတွက်ကို ကြည့်ပြီး မဟာမိတ် ထူထောင်ချင်တာတွေ ရှိတာပဲလေ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈၈၂ နေ ရာ အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။

လက်ရှိတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် အသစ်လျှောက် ထားသော နိုင်ငံရေးပါတီ ၁၄ ခုရှိပြီး သုံးလအတွင်း အပြီးသတ်စိစစ်မည် ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly


No comments:

Post a Comment

My Blog List