Wednesday, May 06, 2015

လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးအလောင်းအား အင်းတကော်မြို့ရွှေပြည်ဆည်သွားရာ ကားလမ်းနံဘေးတွင် လာရောက်စွန့်ပစ်မှု ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင် လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမည်မသိ အမျိုးသားနှစ်ဦးအလောင်းကို လာရောက်စွန့်ပစ်မှု မေ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိ ရသည်။
အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၄၀ ၀န်းကျင်ခန့်ရှိပြီး ၎င်းတို့ကို ပရိုဘောက်ယာဉ် အဖြူရောင်ဖြင့် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး-ရန်ကုန် ကားလမ်းမအတိုင်း ရန်ကုန်ဘက်သို့ ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိရသူ၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ရွှေပြည်ဟိုတယ်နှင့် မျက်နှာချင်းဆိုင် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းဘေး ပေ ၂၅၀ ခန့် အကွာ အင်းတကော်ကျေးရွာ အမှတ်(၂) ရပ်ကွက် ရွှေပြည် (၃) ဆည်သွားသည့် လမ်းနံဘေး၌ မေ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နံပါတ်မမှတ်မိသည့် ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် အမျိုးသားနှစ်ဦး အလောင်းအား လာရောက်ပစ်သွားကြောင်းကို ကျောင်းသူတစ်ဦးက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့၍ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူ အမျိုးသားနှစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး လည်ပင်း၊ ရင်အုံ၊ ပေါင်၊ ကုပ်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

“လောလောဆယ်တော့ သေဆုံးသူ နှစ်ဦးက ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူး။ အလောင်းလာပစ်တဲ့ ယာဉ်က ရန်ကုန်ဘက်ကို ထွက်ပြေးသွားတယ်ပြောလို့ နယ်ထိန်းအဖွဲ့တွေက လိုက်ပြီး ဖမ်းဆီးရမိ ဖို့ ဆောင်ရွက်နေပါတယ်။ နောက်ပြီး တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် စီအိုင်ဒီနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အင်းတကော်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်တင်ဦးက ပြော ကြားသည်။

အဆိုပါလူသတ်မှုကို အင်းတကော်နယ်မြေရဲစခန်းမှ (ပ) ၅၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ- ၃၀၂/၂၀၁ တို့ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ရွှေပြည်ဆည်သွားသည့် လမ်းနံဘေး၌ သေဆုံးသူအမျိုးသား နှစ်ဦးအား
 တွေ့ရစဉ် (ဓာတ်ပုံ- ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)
Eleven Media Group

No comments:

Post a Comment

My Blog List