Thursday, May 07, 2015

“ဝ” ပြည်နယ် တောင်းဆိုမှုအပေါ် ဒီလိုမြင်ကြတယ်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရရှိထားသည့် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ် ပေးရေး အစိုးရနှင့် ညှိနှိုင်းရာတွင် ထောက်ခံပေးရန် “၀” ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA ) စစ်သေနာပတိချုပ်  ပေါက်ယူချန်းက ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ပန်ဆန်းမြို့ တွင်ပြုလုပ်သည့် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး”တွင် တက်ရောက်လာသည့် ခေါင်းဆောင်များကို တိုက်တွန်း တောင်းဆိုခဲ့ သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်း မြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင်နှစ်ခုခွဲကာ “၀” ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရတိုင်း ဖြစ်သည်ဟု ပြဌာန်းထားသည်။

“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ် ပေးရေးတောင်းဆိုသည့် “၀” ဘက်မှ သက်မှတ် နယ်မြေတွင် မြို့နယ်ပေါင်း ၁၉ မြို့နယ် ရှိကြောင်း သိရသည်။ ထိုအထဲတွင် အစိုးရက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထားသည့် ၆ မြို့နယ်လည်း အပါအဝင် ဖြစ်သည်။

ယင်းသို့တောင်းဆိုမှုအပေါ် ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး ပါတီပြောခွင့်ရပုဂ္ဂိုလ်များနှင့် အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တချို့၏ အမြင်များကို ဧရာဝတီသတင်းထောက် ကျော် ခက ဆက်သွယ်မေးမြန်းထားသည်။

ဦးအောင်မြင့်
“၀” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ၊ “၀” ပြည်သွေးစည်း ညီညွှန်ရေးတပ်မတော် (UWSP/UWSA) ပြော ခွင့်ရပုဂ္ဂိုလ်

ကျနော်တို့ကတော့ “ဝ”  ပြည်နယ် တောင်းခံတင်ပြထားတာ ရှိပါတယ်။ အားလုံး နားလည်ထောက်ခံပေးနိုင် ကြဖို့ ဒီလိုပြောတာပါ။ ပြည်နယ်အတွက် ကျနော်တို့ သတ်မှတ်ထားတဲ့ မြို့နယ် ၁၈၊ ၁၉ မြို့နယ်လောက်ရှိ မယ်။ အစိုးရက သက်မှတ်ပေးထားတာ ကတော့ ၆ မြို့နယ်ပေါ့။ ကျနော်တို့ ဒီလိုတောင်းဆိုလို့ ရှမ်းပြည် နယ်ထဲမှာ တခြား တိုင်းရင်းသားတွေနဲ့ ပြဿနာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမိုင်းကျန်ခဲ့တဲ့ အကြွေးပဲလေနော်။ သမိုင်းကြွေးတွေ ပြန်ရှင်းရမယ့် ကိစ္စပဲ။ ဒါကို အားလုံး နားလည်နိုင်ပါတယ်။ ပန်ဆန်း ညီလာခံမှာလည်း ပြည်နယ်ကိစ္စ ဆွေးနွေးတော့ ၁၂ ဖွဲ့မှာနားလည်ကြောင်း ထောက်ခံကြောင်း ဆွေးနွေး တာတွေ ရှိပါတယ်။

ဦးခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ

ရှမ်းပြည်ကြီးကို ခွဲပေးရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ပြောရရင်တော့ဗျာ ဒါဟာ ၁၉၉၃ မှာ စတယ်။ ကျနော်တို့က အဲဒါကို သဘောမတူဘူး။ ၂၀၀၈ မှာလည်း သဘောမတူဘူး။ ကျနော်တို့ထွက်ခဲ့တယ် ။ နောက်ဆုံး ဒီဟာက ဒီလိုဖြစ်လာမယ်လို့ မြင်နေတယ်။ နောက်ဆုံး ဘယ်လိုဖြစ်လာမလဲ ဆိုလို့ရှိရင် ယူဂိုဆလားဗီးယားလို မဖြစ်သွားဖို့ အရေးကြီးတာပဲ။ အရင်အစိုးရတွေတုန်းကတောင် ပေးချင်တာ မဟုတ်ဘူး။ အခုအနေအထားတောင် ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီဗျာ။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း တခုပဲပြောချင်တယ်။ ခရိုင်းမီးယားလို့ မဖြစ်စေနဲ့ပေါ့ဗျာဒါပါပဲ။

အခုအနေအထားမှာတောင် အဲဒီဒေသမှာ အစိုးရရဲ့ အာဏာစက်မှ မရှိတာဗျာ။ သူတို့ပြောနေတဲ့ ဒို့တာဝန် အရေးသုံးပါးတွေ ထိခိုက်နေပြီပဲ။ အချုပ်အခြာအာဏာ ထိခိုက်နေတဲ့ဘဝ မရှိသင့်ဘူးဗျ။ အဲဒီမှာ ဗမာစကား အပါအဝင် အုပ်ချုပ်ရေးတို့၊ တပ်တို့ ရဲစခန်းတိုတောင် မရှိဘူးပဲ။ ကိုယ်တိုင် အာဏာစက်တောင် မရောက်နိုင် တဲ့နေရာကို ပြည်နယ်ပေးမယ်ဆိုရင် နောင်ဘာဖြစ်မလဲ ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။

ဦးဌေးဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဒုဥက္ကဋ္ဌ

လောလောဆယ် တရားဝင်ကတော့ ရှမ်းပြည်နယ်ထဲမှာ ရှိနေတာပေါ့။ ရှမ်းပြည်နယ်မှာ ရှိနေတဲ့ ဒေသ တခုပေါ့။ တိုင်းရင်းသားတွေ အများစုနေတဲ့ ဒေသတခုပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာပါတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ ဝိုင်းပြီး ဆွေးနွေးကြမယ်လို့ ကျနော်ထင်ပါတယ်။

“ဝ” ကို ကျနော်တို့က အထူးဒေသ အနေနဲ့ ပေးထားတာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း အခွင့် အရေးတွေ ရရှိလာမယ်လို့ ထင်ပါတယ်။ သို့သော်လည်း ဒါကိုတော့ ကျနော်ပေးလို့လည်း မရဘူး။ ပြော လို့လည်း မရဘူးပေါ့နော်။ ဒါတွေကို ဆုံးဖြတ်မယ်ဆိုရင် နိုင်ငံတော်တို့ လွှတ်တော်တို့က ဆုံးဖြတ်မှာပေါ့။

ဗိုလ်မှူးကြီး စိုင်းလ
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၂)

အခုလောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုရဲ့ သဘောထားကို ကျနော်တို့ မသိရသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အရင်က ကျနော်တို့ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်ကြီး ယွက်စစ်)  ပြောတာကို ကြားဖူးတာတော့ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ အားလုံးဆန္ဒနဲ့အညီ ဖြစ်ဖို့လိုအပ်တာကြောင့် အားလုံးနဲ့ တွေ့ ဆုံဆွေးနွေး ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ပဲ ပြောထားပါတယ်။

ဦးခွန်ဆိုင်း
ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ

သူတို့ UWSA က ကျနော့်ကို မေးဖူးပါတယ်။ မေးတော့လည်း ကျနော်လည်း ပြောပါတယ်။ နံပတ် ၁ ကတော့ ခင်ဗျားတို့မှာ တောင်းဆိုခွင့်ရှိတယ်။ ဒါပေမယ့် ရပိုင်ခွင့်ရှိသလား၊ မရှိဘူးလားဆိုတာက နောက် ထပ်အကြောင်း ပေါ့နော်။ ရှမ်းပြည်အနေနဲ့ မေးမယ်ဆိုရင်လည်း ကျနော်က ရှမ်းပြည်ကို ကိုယ်စားပြုသူ မဟုတ်ဘူး။ နောက်တခုက ရှမ်းပြည်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းလို့ ပြောနိုင်တာကလည်း ဘယ်အဖွဲ့မှ မရှိဘူး။ ဆိုတော့ အခုဟာ ရှမ်းပြည်နယ်ကိုယ်တိုင်က သူ့ရဲ့ ပြည်နယ် အခွင့်အရေးမရှိတဲ့ အခြေအနေမျိုးမှာ “ဝ” အတွက် ဆုံးဖြတ်ပေးရမယ်ဆိုတဲ့ ဥစ္စာဟာ ပြဿနာပဲ။ ကိုယ့်ကိုကိုယ်တောင် မနိုင်သေးဘဲနဲ့ နောက်တ ဆက်ကို ကူဖို့ဆိုတဲ့အစား အကုန်လုံးပေါင်းပြီးတော့ လုပ်ရင် မကောင်းဘူးလားဆိုပြီး ကျနော်ပြောတယ်။

အခုပြောနေကြတာက ဘာလဲဆိုတော့ “ဝ”  အနေနဲ့ ဘယ်နည်းနဲ့မဆို ပြည်နယ်ပဲယူတော့မယ် ဆိုလို့ရှိရင် တရုတ်နယ်စပ်မှာ ရှိနေတဲ့ “ဝ”  ရဲ့ ရှိရင်းစွဲနယ်မြေတွေ အတိုင်းပဲ ဆက်ပြီးတော့ ယူဖို့ ကျန်တဲ့ ထိုင်းနယ် စပ်မှာ ရှိနေတဲ့ နေရာတွေကိုတော့ အရင်အတိုင်းပဲထားဖို့။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းအရလည်း ကြည့်မယ်ဆိုရင် သူတို့ပြောသလို အမှန်ပဲ၊ Federate Shan State ဆိုတဲ့ထဲမှာက တရုတ်နယ်စပ်မှာရှိနေ တဲ့ “ဝ”  နယ်တွေ မပါဘူး။ မပါဘူးဆိုတော့ အဲဒီမပါတဲ့ အတိုင်းပဲထားပေါ့။ ဒီလိုမျိုးမြင်ကြတာ များတယ်။

ဦးဥာဏ်ဝင်း NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရပုဂ္ဂိုလ်

ကျနော်တို့ သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်။ အခုလက်ရှိ အခြေအနေတခုတည်းပေါ်မှာ မူတည်ပြီး ဆုံးဖြတ်လို့မရဘူး။ အဲဒီတော့ တိုင်းရင်းသားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ အကြုံးဝင်ရဲ့လား။ ဒါတွေ အကုန်ကျနော်တို့ စဉ်းစားရမယ် သို့သော် NLD အနေနဲ့ ပြောရရင်တော့ ဒါနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထား တာ၊ ဆွေးနွေးထားတာ မရှိပါဘူး။ ဒါကျနော့်အမြင် ပြောတာပါ။

ဒီအတိုင်းပဲပေးလိုက်ရင် ကျနော်အမြင်ကတော့ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲတော့မှာဘဲ။ ဒီတခုဖြစ် တယ်ဆိုရင် နောက်တခု၊ နောက်တခုနဲ့ တိုင်းပြည် ပျက်စီးသွားမှာပေါ့။ ညီညွှတ်ခြင်း မရှိတဲ့အတွက် ကွဲပြားသွားပြီးတော့ ပျက်စီးတဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။ ဖြစ်သင့်တာကတော့ဗျာ၊ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရင် အားလုံး ဒီအထဲမှာ ပူးပေါင်းပါဝင်ခြင်း အားဖြင့် တိုင်းပြည်လည်း အပြောင်းအလဲလည်း ကောင်းမယ်။ အင်အားလည်း ကောင်းမယ်။

ကိုမြအေး
(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တိုင်းရင်းသားရေးရာတာဝန်ခံ

ကျနော်တို့သဘောထား ဆိုတာထက်ဗျာ၊ တိုင်းရင်းသားတွေအားလုံး အထူးသဖြင့် “ဝ” ဒေသက ရှမ်းပြည် နယ်ထဲမှာ ရှိနေတာဗျာ။ ဆိုတော့ ရှမ်းတိုင်းရင်းသားတွေနဲ့ “ဝ” တိုင်းရင်းသားတွေနဲ့ ရှမ်းပြည်နယ်ဆိုင်ရာ ညှိနှိုင်းရမယ့်ကိစ္စလို့ မြင်တယ်ဗျ။ အရင် ဦးဆုံးလေ။ နှစ်ဖက်ပြေလည်ပြီးတဲ့ အခါကျတော့မှ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးက ဆုံးဖြတ်မှာဗျ။ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲက နေပြီးတော့မှ ကျေနပ်ရင် ကျေနပ်သလို ဆုံးဖြတ်ရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။

ရှမ်းပြည်နယ်ဆိုတာ ပြည်နယ်ကြီး ဖြစ်တယ်ဗျာ။ ပြည်နယ်ကြီးထဲမှာမှ “ဝ” က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရထားတယ်ဗျာ။ ပအိုဝ်းလည်း ရထားတာ ရှိတယ်ဗျာ။ အစရှိသည်ပေါ့ဗျာ။ ခုနပြောသလို ဒီနေရာမှာတော့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ကျေလည်တဲ့အခါ ပြေလည်တဲ့ အဖြေတခု ထွက်လာတဲ့အပေါ်မှာ မူတည်ပြီး စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ အထူးသဖြင့်တော့ဗျာ တဘက်တည်းမှာ ရှိနေတဲ့ တိုင်းရင်းသား အချင်းချင်း ညှိနှိုင်းဖြေရှင်းတာ ပိုကောင်းတယ်လို့မြင်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List