ပညာရေးဝန်ကြီးဌာနက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ မူလတန်းမှ အထက်တန်းအထိ
အခြေခံ ပညာရေးကို အခမဲ့ပညာရေးစနစ် အဖြစ် အကောင်အထည်ဖော်ရန် ကျပ် ၃၅
ဘီလီယံကျော် သုံးစွဲသွား မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ယခင်နှစ်များက မူလတန်းနှင့် အလယ်တန်းအဆင့် အထိသာ အခမဲ့ပညာရေးစနစ်
ပြုလုပ်ခဲ့ရာမှ ယခုပညာ သင်နှစ်မှစ၍ အခြေခံပညာရေး တစ်ခုလုံးကို အခမဲ့စနစ်
ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် မူလတန်းအဆင့်တွင် ကျပ်
၁၈ ဘီလီယံကျော်၊ အလယ်တန်းအဆင့်တွင် ကျပ် ၁၁ ဘီလီယံကျော်နှင့်
အထက်တန်းအဆင့်တွင် ကျပ်ငါးဘီလီယံကျာ် သုံးစွဲသွားမည်ဖြစ်ကြောင်း၊
ကျောင်းသားဦးရေ အများ ဆုံးဖြစ်သော မူလတန်းအဆင့်တွင် အသုံးစရိတ်
ပိုသုံးစွဲမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
အဆိုပါ ပညာရေး အသုံးစရိတ်များကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ် စာအုပ်နှင့် ဗလာစာအုပ်၊ မိဘ ဆရာအသင်းကြေး၊ ကျောင်းလခနှင့် ကျောင်းဝင်ကြေး၊ အားကစားနှင့် စာရေးကိရိယာကြေးများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ရန်ကုန်တိုင်းမှာတင် အသက်ငါးနှစ် ပြည့်ပြီးလို့ သူငယ် တန်း စအပ်ရမယ့် စာရင်းက တစ်သိန်းခုနစ်ထောင်ကျော် ရှိတယ်” ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်က မူလတန်းအဆင့် ကျောင်းသားတိုင်းအတွက် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် ခြောက်အုပ်နှင့် အတူ ငွေကျပ် ၁၀၀၀ ကျပ်ကို ကျောင်း အပ်နှံစဉ် ထောက်ပံ့ပေးခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်တွင် ကျပ် ၁၀၀၀ အစား ကျပ် ၁၂၀၀ တန် ကျောင်းဝတ်စုံကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ဆိုသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဘကကျောင်းသားများ အပါအဝင် မူလတန်းအဆင့် ကျောင်းသား ၅၇ သိန်းကျော်၊ အလယ်တန်းအဆင့်ကျောင်းသား ၂၈ သိန်းကျော်နှင့် အထက်တန်းအဆင့် ကျောင်းသား ၈ သိန်းကျော် ရှိကြောင်း အခြေခံပညာရေး ဦးစီးဌာနက ခန့်မှန်းတွက်ချက် ထားသည်။
The Voice Weekly

No comments:
Post a Comment