Monday, May 04, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကင်းထောက် မောင်မယ်များ တောတွင်း စခန်းချ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်






ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကင်းထောက် မောင်မယ် များ တောတွင်း စခန်းချတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့် ရှုစစ်ဆေးရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဇေယျာအောင်၊ ဒေါက် တာဒေါ်ခင်စန်းရီ၊ ဒေါက်တာ မြင့်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အထူးလေယာဉ်ဖြင့် မန္တလေး တိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့သို့ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက အနီးစခန်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ကင်းထောက် မောင်မယ်စခန်း၌ ကျင်းပသည့် တတိယအကြိမ် ကင်းထောက် မောင်မယ်များ တောတွင်း စခန်းချတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းရှိ ထင်းရှူးတော၌ ဖွင့်လှစ်ထားသည့် ကင်းထောက် မောင်မယ်တောတွင်း စခန်းသို့ ရောက်ရှိရာ ကင်းထောက်ကြီးများနှင့် ကင်းထောက်လူ ငယ် မောင်မယ်များက ကြိုဆိုကြသည်။

ယင်းနောက် ကင်းထောက်မောင်မယ်များက "ပြည်သူ့အတွက် အစဉ်အသင့်" သီချင်းကိုသီဆို၍ တတိယ အကြိမ် ကင်းထောက်မောင်မယ်များ တောတွင်းစခန်းချ တွေ့ဆုံပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မြန်မာနိုင်ငံကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ်ကြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကင်းထောက်မောင်မယ် များသည် နိုင်ငံတော်အလံကို အလေးပြုကြသည်။

ယင်းနောက် ကင်းထောက်ချုပ်ကြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကင်းထောက် မောင်မယ်များက ကင်းထောက် အလေးပြုနည်းဖြင့် အလေးပြုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကင်းထောက်မောင်မယ်များအား အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ကင်းထောက် သမိုင်းကို ပြန်ကြည့်လျှင် ၁၉၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသား ကင်းထောက် အဖွဲ့ကို ၁၉၂၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်ကိုတွေ့ရ ပါကြောင်း၊ စတင်ဖွဲ့စည်းစဉ် ကပင် နိုင်ငံတော်က တာဝန်ယူ ဖွဲ့စည်းပေးခဲ့ပြီး သီးခြားလွတ်လပ်သည့်အဖွဲ့
အစည်းတစ်ခုအဖြစ် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၊ အာရှကင်းထောက်အဖွဲ့ချုပ်တို့နှင့် ဆက်သွယ် ပြီး အဖွဲ့ ဝင် နိုင်ငံအဖြစ် ရပ်တည်လာခဲ့ခြင်းဖြစ်ပါကြောင်း။

ထိုစဉ်က နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကင်းထောက်အဖွဲ့ အကြီးအကဲများအဖြစ် ဂုဏ်ပြု ထမ်းဆောင်ခဲ့ကြပြီး ၁၉၆၄ ခုနှစ်တွင် ကင်းထောက်အဖွဲ့၏ လှုပ်ရှားမှုများ အခြေအနေကြောင့် ရပ်ဆိုင်း သွားခဲ့ ပါကြောင်း။

မိမိတို့အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် နှစ်ပေါင်း (၅၀) ခန့် ကွယ်ပျောက် သွားခဲ့သည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ရုံးချုပ်အနေဖြင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းတွင် ယခု ဧပြီ ၂၉ ရက်က ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာတစ်နိုင်ငံလုံး ကင်းထောက်အဖွဲ့ဝင်ပေါင်း ၃၇၀၀၀ ခန့်ရှိပြီး တက္ကသိုလ်များတွင်လည်း ဧပြီ ၂၇ ရက်က စတင်ပြီး ကင်းထောက် မောင်မယ် လူငယ်သင်တန်းများ စတင် ဖွင့်လှစ်နေပြီဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်အတွက် အဘက်ဘက်မှ ထူးချွန် ထက်မြက်သော မျိုးဆက်သစ် လူငယ်များ မွေးမြူလေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းသော၊ သစ္စာစောင့် သိသော၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ရှိသော၊ စွမ်းရည်သတ္တိရှိသော၊ အများအကျိုးကို သယ်ပိုးဆောင် ရွက်လိုသော၊ လူကြီးမိဘများ၊ ဆရာသမား များကို ရိုသေ ကိုင်းရှိုင်းတတ်သော၊ ကိုယ့်အားကိုယ်ကိုးသော၊ ကာယ ဉာဏ စာရိတ္တ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်နိုင်ငံ့သားကောင်းများဖြစ်အောင် လေ့ ကျင့်ပျိုးထောင် ပေးရန်ဖြစ်ပါကြောင်း။

ကင်းထောက်အဖွဲ့သည် စစ်သဘောမပါ၊ နိုင်ငံရေးမစွက်ဖက်သော လူမှုဝန်ထမ်း အသင်းအဖွဲ့ တစ်ခု သာဖြစ်ပါကြောင်း၊ ကင်းထောက်၏ ဆောင်ပုဒ်သည် အစဉ် အသင့် ဖြစ်ပြီး ကင်းထောက်တစ်ဦးသည် မည်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့သည်ဖြစ်စေ မိမိလေ့လာသင်ယူထားသော အတတ်ပညာနှင့် စိတ်ဓာတ်တို့ကိုအရင်းခံကာ အမြဲပင် "အစဉ် အသင့်" ဖြစ်နေကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် ကင်းထောက်၏ ကြွေးကြော်သံသည် "ကောင်းမှုတစ်ခု နေ့စဉ်ပြု" ဆိုသည့်အတိုင်း မိမိအိမ်၊ မိမိကျောင်း၊ မိမိရပ်ကွက်၊ မိမိမြို့၊ မိမိနိုင်ငံအတွက်သာမက မိမိတို့ ကမ္ဘာကြီးအတွက်ပါ ကင်းထောက်မောင် မယ်များ အနေဖြင့် နေ့စဉ်နေ့တိုင်း ကောင်းမှု တစ်ခုခုကို ရှာဖွေလုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း။

"တစ်ခုကင်းထောက် လုပ်ခဲ့ဖူးရင် အမြဲ ကင်းထောက်ဖြစ်နေမယ်" ဆိုရိုးစကားအတိုင်း ယနေ့ ကင်းထောက်မင်းကြီး မှစပြီး ကင်းထောက်အကြီးအကဲ အားလုံးသည် တစ်ချိန်က မောင်တို့မယ်တို့ကဲ့သို့ ကင်းထောက်လူငယ်များ ဖြစ်ခဲ့ကြပြီး နိုင်ငံ့တာဝန် အမျိုးမျိုးကို ထမ်းဆောင်ခဲ့ကြကာ ယနေ့တိုင် ကင်းထောက်များ ဖြစ်နေကြ သည်ကို မောင်တို့မယ်တို့ ရှေ့၌ လက်တွေ့မြင်တွေ့နေရပြီဖြစ်ပါကြောင်း။

မောင်တို့မယ်တို့သည် "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသကဲ့သို့ နိုင်ငံ့တာဝန်များကို ပခုံးလွှဲပြောင်း ထမ်းဆောင်ကြ ရမည့်သူများ ဖြစ်ပါကြောင်း၊ ကာယအား၊ ဉာဏ အားကောင်းသည့် လူငယ်များဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်ရန် လေ့ကျင့်ပျိုးထောင်ကြစေလိုကြောင်း၊ သာယာလှပသည့် အနာဂတ် နိုင်ငံတော် ကို တည်ဆောက်နိုင်စွမ်းရှိသည့်လူကောင်းလူတော်များဖြစ်
စေရေး ကြိုးစားကြရန် တိုက်တွန်း မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ကင်းထောက်မောင်မယ်စခန်း ဧည့်သည်တော် မှတ်တမ်းတွင် လက် မှတ်ရေးထိုးသည်။

ထို့နောက် ကင်းထောက်လူငယ် မောင်မယ်များက တတိယအကြိမ် တောတွင်းစခန်းချ တွေ့ဆုံပွဲ အမှတ် တရ လက်ဆောင်ကို နိုင်ငံတော် သမ္မတထံ ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ကင်းထောက်မောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ကင်းထောက်မောင်မယ် များ၏ ကင်းစိတ်အလိုက် စခန်းချ စွမ်းဆောင်မှုများကို လှည့်လည်ကြည့်ရှု အားပေး ကာ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ်လူငယ်များနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

အဆိုပါ ကင်းထောက်မောင်မယ်စခန်းတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများနှင့် တက္က သိုလ်ကျောင်းများမှ အမျိုးသား အမျိုးသမီး ကင်းထောက်မောင်မယ်များ၊ ကင်းထောက်ကြီး များ စုစုပေါင်း ၇၈၀ နှင့် ကြီးကြပ်ဆရာ ဆရာမ ၁၃၀ စုစုပေါင်း ၉၁၀ တို့သည် ဧပြီ ၃၀ ရက်မှစတင်၍ စခန်းချလျက်ရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲ မှုနှင့် သဘာဝ ဘေးအန္တရာယ်လျှော့ချရေး သိကောင်းစရာများ ဆွေးနွေး ပို့ချခြင်း စသည့် ကင်းထောက် လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းနှင့် ကင်းထောက် ကင်းစိတ်များ အလိုက် စွမ်းရည် ပြသခြင်းတို့ကို ဆောင် ရွက်ခဲ့ကြသည်။

ယခုကျင်းပသည့် ကင်းထောက်မောင်မယ်များ တောတွင်းစခန်းချတွေ့ဆုံ မှုသည် တတိယ အကြိမ်တွေ့ ဆုံမှုဖြစ်ပြီး ပထမ အကြိမ်တွေ့ဆုံမှုကို ၂၀၁၃ ခုနှစ်က နေပြည်တော်ရှိ အမှတ် (၇) ရွာတော်တည်းခိုရေး စခန်းတွင်း၌ လည်းကောင်း၊ ဒုတိယအကြိမ်တွေ့ဆုံမှုကို ၂၀၁၄ ခုနှစ်က ပြင်ဦးလွင် အမျိုးသားသဘာဝ ဥယျာဉ်၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာ အောင်မြင်စွာ လှုပ်ရှားရပ်တည် နိုင်ခဲ့သည့် မြန်မာနိုင်ငံ ကင်းထောက် သည် ယခုအခါ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှု၊ ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ ပြန်လည် လှုပ်ရှားလာနိုင်ခဲ့ပြီဖြစ်သည့်အပြင် အချိန်တို ကာလအတွင်း တိုးတက်လာမှုကို အာရှ-ပစိ ဖိတ်နှင့် နိုင်ငံတကာ ကင်းထောက် အဖွဲ့ အစည်းများက ဂုဏ်ပြုကြိုဆိုလာကြသည်။

နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment

My Blog List