Monday, July 14, 2014

ကျောက်ဖြူ အထူးစီးပွားရေးဇုန် မြေများကို လျော်ကြေးပေးရန် ဝန်ကြီးချုပ်ထံ တောင်းဆို


ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် အသုံးပြုသည့် မြေများကို လယ်ယာမြေအဖြစ် သတ်မှတ်ကာ လျော်ကြေးပေးရန် ကျောက်ဖြူ ဒေသခံများက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆို ထားကြောင်း ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးထွန်းကြည်က ပြောကြားသည်။

အထူးစီးပွားရေးဇုန် မြေနေရာအဖြစ် သတ်မှတ်ရာတွင် ဒေသခံများ လယ်ယာမြေအဖြစ် လုပ်ကိုင်နေသည့် မြေများကို မြေလွတ်၊ မြေရိုင်း သတ်မှတ်ကာ လုပ်ဆောင်နေသဖြင့် ဒေသခံများ နစ်နာကြောင်း၊ ယင်းကြောင့် ဇူလိုင်လ ၇ ရက်နေ့က ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပလပ်မြေနဲ့ မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်ထားတာ များတဲ့အတွက် ဒေသခံတွေရဲ့ လယ်ယာပိုင်ဆိုင်မှု နည်းပါးတယ်” ဟု ၎င်းကဆိုသည်။

စီမံကိန်းတွင် ပါဝင်သည့် မြေများကို ဒေသခံများထံမှ ငှားရမ်းလုပ်ကိုင်ရန်၊ စားကျက်မြေများကို သီးသန့် သတ်မှတ်ပေးကာ ပြန်ပေးရန်၊ ဘိုးဘွားပိုင် စိုက်ပျိုးထားသည့် မြေများကို မြေလွတ်မြေရိုင်း အဖြစ် မသတ်မှတ်ဘဲ ဘိုးဘွားပိုင် မြေအဖြစ် သတ်မှတ်ပေးရန်တို့ အဆိုပါ တောင်းဆိုချက်တွင် ပါရှိသည်။

ယင်းအပြင် စိုက်ပျိုးရေးအတွက် မျိုးစေ့မျိုးကောင်းများ၊ စိုက်ပျိုးနည်းပညာများ၊ သုံးရာသီ စိုက်ပျိုးနိုင်ရန် ရေလှောင်ကန်များကို အကောင်အထည် ဖော်ပေးရန်၊ စီးပွားရေး အထူးဇုန်အတွင်း ဒေသခံများကို ဦးစားပေး အလုပ်ခန့်ရန် အခွင့်အရေး တန်းတူပေးရန် တောင်းဆိုထားကြောင်း ကျောက်ဖြူ ဒေသခံများထံမှ သိရှိရသည်။

ရေလုပ်ငန်းအတွက်မူ ဒေသခံများ ရှာဖွေနေသော ရေပိုင်နက်များကို အနှောင့်အယှက် မဖြစ်စေရန်၊ ကမ်းနီးကမ်းဝေး ငါးဖမ်းခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာကျင့်သုံးရန်၊ ရေလုပ်သားများကိုလည်း နည်းပညာနှင့် အထောက်အကူ ပစ္စည်းများ ကူညီရန် ဝန်ကြီးချုပ်ကို တင်ပြသည့်စာတွင် ပါရှိသည်။ 

ကျောက်ဖြူဒေသ အထူးစီးပွားရေးဇုန် မြေဧရိယာကို ၂၀၁၂ ခုနှစ်က ပထမအကြိမ် သတ်မှတ်ရာတွင် မြေဧက ၁၉၆၀ ကျော်အနက် လယ်မြေအဖြစ် ဧက ၆၆၀ ခန့်သာ သတ်မှတ်ခံရပြီး ကျန်မြေများကို ပလပ်မြေ၊ မြေလွတ်မြေရိုင်း အဖြစ် သတ်မှတ်ခံရသည်။

၂၀၁၃ ခု မေလတွင် ဒုတိယအကြိမ် သတ်မှတ်ရာ မြေဧက ၄၉၀၀ ကျော်အနက် လယ်ယာမြေအဖြစ် ထပ်မံသတ်မှတ်ပေးရန် လျာထားသော်လည်း လယ်ယာမြေ သတ်မှတ်ချက်စာရင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဦးထွန်းကြည်က ဆိုသည်။

ကျောက်ဖြူဒေသခံများနှင့် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျောက်ဖြူမြို့တွင် တွေ့ဆုံမည် ဖြစ်သည်။

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment

My Blog List