ပြီးခဲ့သည်လပိုင်းမှစ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော နေရာများတွင် သေနတ်သံများ ပြန်ကြားလာရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် က ကမ်းလှမ်းထားသည့် သြဂုတ်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးရန် မဖြစ်နိုင်တော့သည့် အနေအထားဖြစ်လာသည်။
‘‘အခုအနေအထားမှာတော့ သြဂုတ်လ ၁ ရက်နေ့မှာဖြစ်ဖို့ အလားအလာက အတော်နည်းတယ်။ ကျွန်တော်တို့ကတော့ ဖြစ်စေချင်တာပေါ့’’ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းကပြောသည်။
တပ်မတော်အနေဖြင့် သြဂုတ်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး လိုကြောင်း မတ်လအတွင်း NCCT နှင့် ပြုလုပ်သော အစည်းအဝေး၌ တပ်မတော်ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ထို့ကြောင့် သြဂုတ်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် အားလုံးကကြိုးစားခဲ့ ကြပြီး အခန်းခုနစ်ခန်းပါ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို မူတစ်ခုတည်းထားကာ ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အခန်းခုနစ်ခန်းပါသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် အချက် ၃၃ ချက် သဘောထားကွဲလွဲမှု ရှိခဲ့သည်။ ထိုကွဲလွဲနေသော အချက်(၃၃)ချက်ကို NCCT နှင့် အစိုးရအဖွဲ့တို့ ဆက်လက်မဆွေးနွေးနိုင်တော့သဖြင့် ဆွေးနွေးပွဲရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
NCCT အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ညီလာ ခံခေါ်ယူ၍ ဇူလိုင်လကုန်တွင် ထိုကွဲလွဲနေသောအချက်များအား ဆွေးနွေးရန် ပြင်ဆင်ထားခဲ့ကြသည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် ကွဲလွဲနေသော အချက်အလက်များအနက် အချို့မှာ စကားလုံးအသုံးအနှုန်းများလည်း ပါဝင်သည်။
တိုင်းရင်းသားများဘက်က တိုင်းရင်းသားလက်နက်ကိုင်ဟု သုံးနှုန်းချင်သော် လည်း အစိုးရဘက်က လက်နက်ကိုင်တိုင်းရင်းသားဟု သုံးနှုန်းထားသည်။ အလားတူတိုင်းရင်းသားများဘက်မှ အပစ်အခတ်ဟု သုံးနှုန်းသော်လည်း အစိုးရဘက်က ပစ်ခတ်တိုက်ခိုက်သူ၊ တိုင်းရင်းသားများဘက်မှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ဟု သုံးနှုန်းပြီး အစိုးရဘက်မှ ဒီမိုကရေစီနိုင်ငံတော်ဟု သုံးနှုန်းသည်။ တိုင်းရင်းသားများဘက်မှ ပင်လုံစိတ်ဓာတ် ပင်လုံမူနှင့် ပင်လုံကတိက၀တ်ဟု သုံးနှုန်းချင်သော်လည်း အစိုးရက ပင်လုံစိတ်ဓာတ်ဟုသာ သုံးနှုန်းထားသည် စသည်ဖြင့်ဖြစ်သည်။
သို့သော် အပစ်အခတ်ရပ်စဲရေးနှင့်ဆိုင်သော အခန်းတွင် တိုင်းရင်းသားများနှင့် အစိုးရကြား ကွဲလွဲမှု အနည်းငယ်သာ တွေ့ရသည်။ အခန်း(၅)ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များအခန်းနှင့် အခန်း(၆)ဖြစ်သော ရှေ့ဆက်လုပ်ဆောင်မည့်အခန်းတွင်မူ ကွဲပြားမှုများစွာရှိခဲ့သည်။
ထိုအချက်အလက်များကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အပစ်အခတ် ရပ်စဲရေးသက်သက်မဟုတ်ဘဲ နိုင်ငံရေးအာမခံချက်များ ရရှိလိုသဖြင့် ကြန့်ကြာနေခြင်း ဖြစ်သည်။
‘‘အနေအထားချင်းကမတူဘူး။ နိုင်ငံတော်ဘက်မှာက သူတို့ခေါင်းဆောင်တွေကို ဆက်သွယ်ရတာ ပိုလွယ်ကူတယ်။ တွေ့ဆုံဆွေးနွေးဆုံးဖြတ်ချက်ချတာ လွယ်ကူတယ်။ တိုင်းရင်းသားတွေဘက်မှာ အဖွဲ့အစည်းတွေများတယ်။ အဖွဲ့အစည်းတွေကလည်း တောင်ပိုင်းနဲ့ မြောက်ပိုင်း။ တစ်ခါတလေစုံရတာ ခက်တယ်’’ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ကြန့်ကြာနေမှုအပေါ် ဖဒိုစောကွယ် ထူးဝင်းက မှတ်ချက်ပြုသည်။
ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အနေဖြင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးရန် စည်းရုံးမှုများရှိကြောင်း ငြိမ်းချမ်းရေးဆောင်းပါးများ ပင်တိုင်ရေးသားသူ စည်သူအောင်မြင့်ကသုံးသပ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးနှစ်နီးပါးအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီး KIO နှင့် ရခိုင်တပ်မတော်(AA)တို့နှင့်မူ အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးနိုင်သေးပေ။
၂ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့နှင့်လည်း ပြန်လည်တိုက်ခိုက်မှုများ ရှိလာခဲ့သည်။ KNU နယ်မြေနှင့် ရှမ်းပြည်နယ်ဘက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။ ‘‘နိုင်ငံရေးဆွေးနွေးပွဲကို စောစောစနိုင်လေ ကောင်းလေပေါ့။ ဘာဖြစ်လို့လဲဆိုရင် အချိန်ကြန့်ကြာရင် အချို့ပြဿနာတွေဖြစ်လာနိုင်တယ်။ သံသယတွေက မပျောက်သေးတော့ အခက်အခဲတွေရှိလာနိုင်တယ်’’ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးကပြောသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင်ရှိသော စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးသည် လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ၎င်းတို့၏ မိသားစုများ၏ စားဝတ်နေရေးကိစ္စတို့အတွက် စိုးရိမ်နေရသည့် အနေအထား ဖြစ်လာသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် မြန်မာငြိမ်းချမ်းရေးအပေါ် သက်ရောက် မှုများရှိလာနေပြီဖြစ်သည်။
‘‘ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေ ပြန်ပို့ပေးရေးအစီအစဉ်တွေ စလုပ်နေပြီတဲ့။ စစ်မက်ကင်းပြီလားလို့ ကာချုပ်ကိုမေးရမလား။ သမ္မတကိုမေးရမလား။ MPC ကို မေးရမလားဖြစ်နေပြီ’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းဏီက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေအရ ၂၀၁၅ မတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး လက်မှတ်မရေးထိုးနိုင်ပါက ၂၀၁၅ အပြီးတက်လာသော အစိုးရအဖွဲ့အတွက်လည်း အခက်အခဲအချို့ ရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဆိုသည်။
‘‘ကျွန်တော့်အတွက်ကတော့ ဟိုဘက်(၂၀၁၅အလွန်)မှာ ဘယ်သူတက်တက် ပြဿနာမဖြစ်ဖို့ စဉ်းစားတယ်။ နိုင်ငံရေးဆွေးနွေးပွဲမစနိုင်ရင် ဟိုဘက်မှာ တည်ငြိမ်ခြေက အခွင့်အလမ်းနည်းတယ်’’ဟု မြန်မာငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။
‘‘ဘာဆွေးနွေးမှုမှမရှိဘဲ ဒီအတိုင်းလွှတ်ပေးထားရင် ဟိုဘက်မှာ တစ်ကျော့ပြန်ဖြစ်ဖို့ ကြောက်ရတယ်။ ပိုများမယ်’’ဟု ဦးလှမောင်ရွှေကဆိုသည်။
လက်ရှိအနေအထားတွင်မူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဖွဲ့ NCCT နှင့် အစိုးရအဖွဲ့တို့ကြား ဆွေးနွေးပွဲများ ယာယီရပ်နားထားသော်လည်း အလွတ်သဘောတွေ့ဆုံမှုများ ရှိခဲ့သည်။ ဇူလိုင်လအတွင်း နှစ်ကြိမ်ခန့်တွေ့ဆုံခဲ့ပြီးဖြစ်သည်။
မြန်မာ့တပ်မတော်နှင့် KIO ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ပိတ်ထားခဲ့သောဖားကန့်ဒေသကျောက် ထုတ် လုပ်ရေးကို အစိုးရက သြဂုတ်လအတွင်း ပြန်လည်တူးဖော်ခွင့်ပြုမည်ဖြစ်သည်။ ဖားကန့်ကျောက် တူးဖော်ရေးလုပ်ငန်းသည် အစိုးရနှင့် KIO အတွက်ပါ အဓိက၀င်ငွေရရှိသောလုပ်ငန်း ဖြစ်သည်။
‘‘တပ်ရဲ့သဘောက ရန်သူဆိုရင် ဖြတ်လေးဖြတ်ဖြတ်တယ်။ ဒါပေမဲ့ ဖားကန့်ကျောက်တွင်း ပြန်တူးဖော် ခွင့်ပေးတယ်ဆိုတာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထူးခြားမှုရှိလာမလား စဉ်းစားရမယ်’’ဟု ငြိမ်းချမ်းရေးဖြစ် စဉ် လေ့လာသူတစ်ဦးကပြောသည်။
KIO နှင့် တပ်မတော်ကြား တိုက်ပွဲများပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရန် ဖွဲ့စည်းထားသော ပဋိပက္ခညှိနှိုင်းစောင့်ကြည့်ရေးအဖွဲ့အနေဖြင့်လည်း ငါးကြိမ်ထိတွေ့ဆုံလာခဲ့ပြီး နှစ်ဖက်တာဝန်ရှိသူများ တက်ရောက်လာကြသည်။
ထို့ကြောင့် ဇူလိုင်လကုန်ပိုင်း KIO ဌာနချုပ်တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံ၌ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် သဘောထားကွဲလွဲနေသော အချက်များ ညှိနှိုင်းရ ရှိပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည် ဖြစ်သည်။ ထိုညီလာခံတွင် ကွဲလွဲနေသော အချက်များအား ညှိနှိုင်းမှုမရရှိပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးရန် မလွယ်ကူဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဖွဲ့ကွဲသွားသည့်အနေအထား ဖြစ်လာနိုင်သည်။
ထို့အပြင် မြန်မာနိုင်ငံရေးတွင်လည်း အကျပ်အတည်းအချို့ ရှိလာနိုင်သည့်အနေအထားများ ဖြစ်လာနိုင် သည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မရပ်စဲနိုင်ပါက ဒီမိုကရေစီအကူးအပြောင်းမှာ ချောမွေ့မည်မဟုတ်ပေ။
‘‘လက်ရှိအာဏာရထားတဲ့ အစိုးရဘက်က တိုင်းရင်းသားလူမျိုးစု၊ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို မသိကျိုးကျွံပြုနေတဲ့အပြင် တော်လှန်ရေးသဘာဝကို လက်မခံနိုင်သေးရင် ငြိမ်းချမ်းရေးက အလှမ်းဝေးနေ ပါလိမ့်မယ်’’ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းဏီကဆိုသည်။
စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုသည် အရုဏ်ဦးဖြစ်ပေသည်။ ထိုအချက်သည်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အသက်သွေးကြောလည်း ဖြစ်ပေသည်။
အပစ်အခတ်ရပ်စဲရေးမူကြမ်း အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များနှင့် အခန်း(၆) ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အခန်းတို့တွင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရကြား နှစ်ဖက် ကွဲလွဲချက်များကို နှိုင်းယှဉ်ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
(တိုင်းရင်းသားအဖွဲ့များဘက်ခြမ်း)
(ဂ) ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ စတင်ကျင်း ပနိုင်ရေးနှင့် စာချုပ်ပါသဘောတူညီချက်များအား စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးပြီးချင်း ပူးတွဲကော်မတီများကို အောက်ပါအတိုင်းဖွဲ့စည်းကြမည်။
(၁) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲဦးဆောင်ကော်မတီ။
(၂) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမူ ပူးတွဲလုပ်ငန်းကော်မတီနှင့်
(၃) အခြားလိုအပ်သော ကော်မတီများ။
(အစိုးရဘက်ခြမ်း)
(ဂ) မူဘောင်ရေးဆွဲရေးအတွက် ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်သော ကော်မတီများဖွဲ့စည်းရန် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးရန်။
(တိုင်းရင်းသားအဖွဲ့များဘက်ခြမ်း)
အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း။
(က) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အစိုးရအဖွဲ့၊ လွှတ်တော်များနှင့် တပ်မတော်တို့ ပါဝင်သော အစိုးရ၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် များနှင့် တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အချိုးညီပါဝင်ကြရမည်။
(ခ) အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ပညာရှင်အစုတို့၏ ကိုယ်စားလှယ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် သင့်တော်သလိုပါဝင်စေရမည်။
(ဂ) ပြည်ထောင်စုညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံတော်ပြန်လည်ဖွဲ့စည်း တည်ဆောက်ခြင်းဆိုင်ရာ သဘောတူညီချက်များ ရယူရန်အတွက် လုပ်ပိုင်ခွင့်အာဏာ ရရှိထားရမည်။ ပြည်ထောင်စုသဘောတူညီချက်များအား ယင်းညီလာခံတွင် ဖော်ဆောင်အတည်ပြုကြမည်ဖြစ်ပြီး ညီလာခံမှ ထွက်ပေါ်လာသော နောက်ဆုံးဆုံးဖြတ်ချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင် ဆုံးဖြတ်ချက်များအဖြစ် တရားဝင်မည်ဖြစ်သည်။
(အစိုးရအဖွဲ့ဘက်ခြမ်း)
နိုင်ငံရေးဆွေးနွေးပွဲများတွင် အောက်ဖော်ပြပါအဖွဲ့အစည်းများကို သင့်လျော်သည့်အခန်းကဏ္ဍအလိုက် ပါဝင်စေရန် သဘောတူသည်။
(က) အစိုးရအဖွဲ့။
(ခ) လွှတ်တော်များ။
(ဂ) တပ်မတော်။
(ဃ) နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအစုအဖွဲ့များ။
(င) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ။
(စ) စီးပွားရေးအသင်းအဖွဲ့များ။
(ဆ) အရပ်ဘက်လူ့အဖွဲ့အစည်းများ။
(ဇ) ပညာရှင်အစုအဖွဲ့များ။
(တိုင်းရင်းသားအဖွဲ့ဘက်ခြမ်း)
ကြားကာလအတွင်း ဆောင်ရွက်ရမည့်အစီအစဉ်များ
ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မိမိတို့နှင့်သက်ဆိုင်ရာ ပြည်နယ်၊ နယ်မြေ၊ ဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထု၏ ဖွံ့ဖြိုးတိုး တက်ရေး၊ လုံခြုံရေးနှင့် ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ တာဝန်ရှိသော အဖွဲ့အစည်းများဖြစ်ကြောင်း ဤစာချုပ်အရ အသိ အမှတ်ပြုသည်။ သို့ဖြစ်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုသည့်အချိန်နှင့် ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုသည့် ကာလအကြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အောက်ပါကိစ္စရပ်များအား ဆက်လက်လုပ်ဆောင်နိုင်စေရန် သဘောတူသည်။
(က) မိမိတို့နှင့်သက်ဆိုင်သော ဒေသအတွင်း ပြည်သူလူထု၏ လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရေးအတွက် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအား မိမိအဖွဲ့အစည်း၏ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ အစိုးရနှင့် ညှိနှိုင်း၍သော်လည်းကောင်း လုပ်ဆောင်ခြင်း။
(ခ) မိမိတို့နှင့်သက်ဆိုင်သော ဒေသတွင်း စီးပွားရေးအခြေခံလုပ်ငန်းများ ဖော်ဆောင်ခြင်းလုပ်ငန်းများအား မိမိအဖွဲ့အစည်း၏ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ အစိုးရနှင့် ညှိနှိုင်း၍သော်လည်းကောင်း လုပ်ဆောင်ခြင်း။
(ဂ) ပြည်သူလူထု၏ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ထိန်းသိမ်းကာကွယ်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအားလည်းကောင်း မိမိအဖွဲ့အစည်း၏ အစီအစဉ် ဖြင့်ဖြစ်စေ၊ အစိုးရနှင့် ညှိနှိုင်း၍ဖြစ်စေ လုပ်ဆောင်ခြင်း။ (ဤစာချုပ်လက်မှတ်မရေးထိုးမီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လုပ်ဆောင်ထားသော မြေယာစီမံခန့်ခွဲမှုအား အသိအမှတ်ပြုခြင်း)။
(ဃ) မိမိတို့နှင့်သက်ဆိုင်သော ဒေသအတွင်းရှိ မြေပေါ်မြေအောက်သယံဇာတများအား ထိန်းသိမ်းခြင်း (အကြီးစားစီမံကိန်းမဟုတ်သော) စီမံခန့်ခွဲခြင်း၊ လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စီမံကိန်းများအား ချမှတ်လုပ်ဆောင်မှုများအား မိမိအဖွဲ့အစည်း၏ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ အစိုးရနှင့် ညှိနှိုင်း၍သော်လည်းကောင်း လုပ်ဆောင်ခြင်း။
(င) ဒေသခံလူထု၏ ဆန္ဒနှင့် လိုအပ်မှုအပေါ် အခြေခံ၍ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း များအား မိမိအဖွဲ့အစည်း၏ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ အစိုးရနှင့် ညှိနှိုင်း၍သော်လည်းကောင်း လုပ်ဆောင်ခြင်း။
(စ) ဒေသဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များထံမှ အထောက်အပံ့ရယူလုပ်ကိုင်ခြင်း။
(ဆ) မိမိတို့၏ အမျိုးသားစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများကို မိမိတို့၏အစီ အစဉ်ဖြင့်သော်လည်းကောင်း၊ အစိုးရနှင့် ညှိနှိုင်း၍သော်လည်းကောင်း လုပ်ဆောင်ခြင်း။
(ဇ) မိမိတို့နှင့်သက်ဆိုင်သော ဒေသအတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများ ပပျောက်ကင်းစင်ရေးအတွက် ပညာပေးရေး၊ တိုက်ဖျက်ရေးလုပ်ငန်းများအား မိမိ၏အဖွဲ့ အစည်းအစီအစဉ်ဖြင့်ဖြစ်စေ အစိုးရနှင့် ညှိနှိုင်း၍ဖြစ်စေ လုပ်ဆောင်ခြင်း။
(ဈ) မိမိတို့နှင့်သက်ဆိုင်သော ဒေသအတွင်း အကြီးစားစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပါဝင်ဆုံးဖြတ်ခြင်း။
(ည) မိမိတို့နှင့်သက်ဆိုင်သော ဒေသအတွင်း အကျိုးသက်ရောက်မှုကြီးမားသော ဒေသဖွံ့ဖြိုးရေး စီမံကိန်းများချမှတ်ရာတွင် ပါဝင်ဆုံးဖြတ်ခြင်း။
(အစိုးရဘက်ခြမ်း)
ကြားကာလအတွင်း ဆောင်ရွက်ရမည့်အစီအစဉ်များ။
ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများကို မိမိတို့နှင့်သက်ဆိုင်ရာ ပြည်နယ်၊ နယ်မြေဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထု၏ ဖွံ့ဖြိုးတိုး တက်ရေး၊ လုံခြုံရေးနှင့် ဒေသဆိုင်ရာ တည်ငြိမ်းအေးချမ်းရေးကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံသားအားလုံး တန်းတူညီမျှအခွင့်အရေးရရှိစေပြီး တည်ဆဲဥပဒေနှင့်အညီ နေထိုင် လုပ်ကိုင်သွားနိုင်သည်။
7Day News Journal
No comments:
Post a Comment