Monday, July 14, 2014

အာဇာနည်ဗိမာန်များသို့ ရန်ကုန်နှင့် မန္တလေး ဗကသအဖွဲ့များ ချီတက် အလေးပြုမည်


လာမည့် (၆၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ အဖွဲ့ဝင်များသည် ရန်ကုန်နှင့် မန္တလေးမြို့တော်ရှိ အာဇာနည်ဗိမာန် များသို့ အသီးသီး ချီတက်ကာ အလေးပြုကြမည် ဖြစ်ကြောင်း ယင်းအဖွဲ့ မန္တလေး တာဝန်ရှိသူ ဦးရဲရင့်ကျော် က The Voice သို့ ပြောကြားသည်။

“ဘယ်လို အခြေအနေပဲရှိရှိ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့ လုပ်စရာ ရှိတာလေးကို ဆက်လုပ်သွားကြမှာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း တစ်နေရာတွင် စုရပ်ပြုလုပ်ကြကာ တောင်ငူမြို့ ဗကသ အဖွဲ့ဝင်များ၊ ဟင်္သာတမြို့ ဗကသ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်ရှိ ဒဂုံတက္ကသိုလ် ဗကသ ကျောင်းသားများနှင့် ပူးပေါင်းကာ ရန်ကုန်မြို့ အာဇာနည်ဗိမာန် ရှိရာသို့ ချီတက် အလေးပြုကြမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားသော အဖွဲ့အစည်းများနှင့် လည်း ပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ရွှေပြည်သာမှာ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်တဲ့ တက္ကသိုလ် ကျောင်းသားတွေကလည်း ပါဝင်ချင်တယ် လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ခုလုပ်တာက ဗကသ အနေနဲ့ စီစဉ်ဖြစ်တာပါ” ဟု ၎င်းကဆိုသည်။

ယင်းနေ့တွင် မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ် ကန်တော်ကြီး ပတ်လမ်းရှိ အာဇာနည် ကုန်းသို့ မြန်မာနိုင်ငံ အထက်ပိုင်း ဗကသ အဖွဲ့ဝင်များ ပူးပေါင်းကာ ချီတက် အလေးပြုကြမည် ဖြစ်ပြီး အသေးစိတ်ကိုမူ စီစဉ်ဆဲဖြစ်ကြောင်း ဗကသအဖွဲ့ (မန္တလေး) တာဝန်ရှိသူ ဦးအောင်မှိုင်းဆန်းက ပြောကြားသည်။

“ရန်ကုန်မှာတော့ ချီတက်အလေးပြုဖို့ ဗကသ အဖွဲ့တွေနဲ့ ပါဝင်လိုသူတွေကို စုစုပေါင်း လူဦးရေ တစ်ထောင်လောက် မှန်းထားတယ်။ မန္တလေးကတော့ အသေးစိတ် မစီစဉ်ရသေးပါဘူး” ဟု ဦးရဲရင့်ကျော်က ထပ်လောင်းဆိုသည်။

မန္တလေးမြို့တော်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အာဇာနည်နေ့ကို ဂုဏ်ပြုလိုသူ လူငယ်များနှင့် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီမှ လူငယ်များ ပါဝင်သော အင်အား ၁၅ ဦးခန့် က “၁၉ ဇူလိုင် (၆၆) နှစ်မြောက် အာဇာနည်နေ့ ဒို့မမေ့၊ ၁၀း၃၇ ငြိမ်သက်စွာ ဦးညွတ် ဂါရဝပြုကြပါစို့” စာတန်းနှင့် အတွင်းဝန်များရုံး အဆောက်အအုံ ဓာတ်ပုံပါ စတစ်ကာများကို မန္တလေး ဈေးချိုအနီး လူစည်ကားသော ၈၄ လမ်း ၂၈ လမ်းမှ လမ်း ၃၀ ကြားတွင် ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသည်တင် ကားများ၌ လိုက်လံကပ်ခဲ့ကြကာ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို မမေ့အပ်ရေး နှိုးဆော်ခဲ့ကြရာ စတစ်ကာခုရေ သုံးထောင်ခန့် ဝေငှခဲ့ကြောင်း ယင်းအစီအစဉ်အရ သိရှိရသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးတွင် တိုင်းပြည်တစ်ခုလုံး ကျွန်ဘဝက လွတ်မြောက်ရေးနှင့် စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အစည်းအဝေး ထိုင်နေကြသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ ကြားဖြတ်အစိုးရ ဝန်ကြီးများ လုပ်ကြံခံရသော နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List