Friday, July 18, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်သည်အထိ အကောင်အထည်ဖော်ရန် အဆို ကန့်ကွက်သူမရှိ အမျိုးသားလွှတ်တော် အတည်ပြု


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးဆုံး အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

အဆိုပါ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် အဆိုကို ဇွန်လ ၃၀ ရက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး ယနေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ 

ပြည်ထောင်စုအစိုးရက ဖော်ဆောင်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များသည် အခြေခံအုတ်မြစ် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်တာဝန်ယူမည့် အစိုးရ ဖော်ဆောင်ရန်အတွက် အထောက်အပံ့ ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြား သည်။“အခုလက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းဟာလည်း ပြီးစီးတော့မယ့် အခြေ အနေကို ရောက်နေပါပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် ပါဝင်သော အချက်ပေါင်း ၁၂၂ ချက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ညှိနှိုင်းရန် ၃၁ ချက်သာ ကျန်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ငြိမ်ချမ်းရေး ဖြစ်စဉ်များ ဆောင် ရွက်ရန်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီကို ၂၀၁၂ ခုနှစ် မေလအတွင်း ဖွဲ့စည်းခဲ့သည်။

ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၆) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံမှု အကြိမ် (၂၅၀)၊ တရားဝင် တွေ့ဆုံမှု အကြိမ် (၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကိုင် (၁၄) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပွဲကိုလည်း စက်တင်ဘာလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မူ ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် SSPP/SSA တို့၏ တိုက်ပွဲများကိစ္စ ဖြေရှင်းပေးရေး အရေးကြီးအဆိုကို ကျေးသီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်တင်သွင်းရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အစိုးရက တာဝန်ယူ ဆောင်ရွက်နေသောကြောင့် လွှတ်တော်က အထူး တိုက်တွန်းစရာ မလိုအပ်ဟုဆိုကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List