Friday, July 18, 2014

သေနတ်ကျည်ဆံအပြည့်ရှိမှန်းမသိပဲ နောက်ပြောင်ရာမှ သေနတ်နဲ့ပစ်မိ သွားခြင်းသာဖြစ်ကြောင်း တွံတေးမြို့ နယ်မှူး ရဲအုပ်လှသောင်းမှ ပြောကြား


ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့ နယ်၊ဘုရားငုတ္တိုရဲကင်းတွင် ၁၃.၇.၂၀၁၄ ရက်က ရဲဘော် ကိုဇော်ဝင်း ထိုက်အား ဒုရဲအုပ်သိန်းဇော်ဦးမှသေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းမှာ သေနတ်ထဲ၌ ကျည်ဆံအပြည့်ရှိမှန်းမသိပဲ နောက်ပြောင်ရာမှ သေနတ်နဲ့ပစ်သတ်မိသွားခြင်းသာဖြစ်ကြောင်းတွံတေးမြို့ နယ်မှူး ရဲအုပ်လှသောင်း အား ဇူလိုင် ၁၇ ရက် နေ့လယ် ၁၂နာရီ အချိန်၊ ဖုန်းနှင့် ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခဲ့သည်။

“အဲ့ဒီနေ့က ဝန်ကြီးချုပ်ဦးမြင့်ဆွေခရီးစဉ်ရှိလို့ ကျွန်တော် ဒုရဲအုပ်သိန်းဇော်ဦးကို သေနတ်ထုတ်ပေးထားတာ သေနတ်ထုတ်ပေးတာကလည်းတာဝန်ချိန်ရှိတော့မပေးလို့မရဘူး ဒါနဲ့ပေးထားတယ်။နောက်သူတာဝန်ချိန် ပြီးလို့ ဘုရားငုတ္တိုရဲကင်းကိုရောက်သွားတယ်။အဲ့ဒီမှာ ရဲဘော်ဇော်ဝင်းထိုက်ရောက်လာပြီး စကားပြောကြ နောက်ပြောင်ကြရင်းနဲ့ ပစ်လိုက်မိတာပါ။ သေနတ်ထဲမှာ ကျည်ဆံအပြည့်ရှိမှန်းလဲ သူမသိဘူး။မတော်တ ဆသေနတ်နဲ့ပစ်သတ်မိသွားတာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမဟုတ်ပါဘူး” ဟု တွံတေးမြို့ နယ်မှူး ရဲအုပ် လှသောင်း မှ ပြောဆိုခဲ့သည်။

“အခု ကျွန်မသားသေသွားတာ လာတောင်းပန်တဲ့သူမရှိဘူး။သူဖြစ်တာတောင် ဆိုင်ကယ်ကယ်ရီသမားက လာပြောလို့ သိတာ။သေနတ်နဲ့ပစ်သတ်ခံရတာလို့မသိဘူး။ချော်လဲလို့ နားထင်ကို ငုတ်ထိုးပြီးသေတာလို့ပဲ သိတာ။ နောက်မှ သေနတ်နဲ့အပစ်သတ်ခံရတာကိုဦးနှောက်နဲ့အာရုံကြောဆေးရုံက ဆရာဝန်ကြီးပြောလို့ သိတာပါ။ကျွန်မ သားအခုလိုသေဆုံးသွားလို့ ပုဒ်မ ၃၀၂နဲ့တရားစွဲချင်တာ။ဒါပေမဲ့တရားစွဲခွင့်မပေးဘူး။ သူတို့ရဲရေးပိုင်တဲ့ အတွက် သူတို့ဘာသာပဲ အမှုဖွင့်ထားတယ်။ အဲ့ဒီ ပုဒ်မကလည်း ၃၀၂ မဟုတ်ဘူး ၃၀၂ (က)၊၃၀၄(က)တို့ဖြစ်နေတယ်။

ကျွန်မက ဥပဒေအကြောင်းနားမလည်ပါဘူး။ဘေးကလူတွေပြောပြလို့ ဒီပုဒ်မတွေက ပြစ်ဒဏ်လျှော့နေတဲ့ ပုဒ်မတွေ။ပုဒ်မ ၃၀၂နဲ့ကို တိုက်ရိုက်ဖွင့်ထားတာမဟုတ်ဘူးတဲ့ ဒါကြောင့် ကျွန်မအနေနဲ့ ပုဒ်မ ၃၀၂ကို ဖွင့်ပေးဖို့တောင်းဆိုပါတယ်”ဟု သေဆုံးသွားသူရဲဘော်ကိုဇော်ဝင်းထိုက်၏ အမေဖြစ်သူ ဒေါ်ငယ်မှ ပြောဆို ခဲ့သည်။

၎င်းရဲဘော် ဇော်ဝင်းထိုက်သည် တွံတေးမြို့ နယ်၊ကံဘဲ့စံပြကျေးရွာတွင်နေထိုင်ပြီး ဇူလိုင် ၁၃ရက်က ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဦးစိုးသာတို့၏ခရီးစဉ်ရှိသောကြောင့် လမ်းလုံခြုံရေးတာဝန်ယူအပြီးတွင် တံတား အား လက်ဆက်တာဝန်ရှိရန်အတွက် ကံဘဲ့ဘုရားငုတ္တိုတို တံတားအနီးရှိရဲကင်း၌ ရဲကင်းမှူး သောင်းရွှေ အားလာရောက်သတင်းပို့စဉ် ရဲကင်းမှူးသောင်းရွှေ၊ ဒုရဲအုပ်ရွှေလှိုင်ဦး၊ ဒုရဲအုပ်သိန်းဇော်ဦး၊ တို့နှင့်အတူတူ ဝိုင်းဖွဲ့၍ စကားပြောစဉ် နောက်ပြောင်ကြရာမှာ ဒုရဲအုပ်သိန်းဇော်ဦးသည် y36၊ခြောက်လုံးပြူး သေနတ်အား ထုတ်၍ တာဝန်ထမ်းဆောင်ရန်လာရောက်သတင်းပို့သော ရဲဘော် ဇော်ဝင်းထိုက်အား ကျည်အပြည့်ရှိ နေသော y36၊ခြောက်လုံးပြူး သေနတ်နှင့်နံထင်ကို ပစ်ခတ်မိခဲ့သောကြောင့်တွံတေးမြို့နယ် ဆေးရုံမှ တစ်ဆင့် ရန်ကုန်ဦးနှောက်နှင့်အရုံကြောဆေးရုံသို့ ပိုဆောင်၍ ကုသမှုခံယူနေစဉ် ည ၇နာရီခန့် တွင် သေဆုံးသွားခဲ့သည်။

“သူနဲ့ကျွန်တော်တွဲလုပ်လာတာ ၃နှစ်တောင်ရှိပြီ။အခုလို ဖြစ်သွားတော့ ကျွန်တော်ညီတစ်ယောက်ဆုံးရှုံး သွားသလို ခံစားရတယ်။အဲ့ဒီနေ့ကသူတာဝန်ပြီးလို့ တံတားမှာ လာတာဝန်ယူဖို့ သတင်းပို့လာတာ တစ်ကြောင်း၊ မိုးသဲလို့ မိုးခိုရန်အတွက် တစ်ကြောင်း ကျွန်တော်တို့ ရဲကင်းကိုရောက်လာတယ်။ဒါနဲ့အခန်းထဲ ဝင်သွားပြီး သူအပါအဝင် ငါးယောက် စကားပြောနေကြတယ်။နောက်မကြာဘူး သေနတ်ပစ်သံကြားလို့ ကျွန်တော်ဝင်ကြည့်လိုက်တော့ ဇော်ဝင်းထိုက်ရဲ့ နံထင်မှာ သေနတ်ဒဏ်ရာနဲ့ ဒုရဲအုပ်သိန်းဇော်ဦးကတော့ ပက်လက်ကြီးလန့်ပြီးတော့ငါမှားသွားပြီ ငါရဲဘော်တစ်ယောက်ဆုံးရှုံးသွားသလို သူ့ကိုလည်း သတ်မိသွား ပြီ ငါဘဝလည်းဆုံးပြီ ဆိုပြီးတော့ နောင်တရသလိုပြောနေတာကိုကျွန်တော်မြင်တွေ့ခဲ့တယ်”ဟု ဘုရားငုတ္တို ရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်တစ်ဦးမှ ထပ်မံပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒုရဲအုပ် သိန်းဇော်ဦးအား တွံတေးမြို့ မရဲစခန်းက (ပ)နံပါတ် ၁၅၇/၂၀၁၄၊ပြစ်မှု ပုဒ်မဆိုင်ရာ ၃၀၂(က)၊၃၀၄(က)တို့ဖြစ်အမှုဖွင့်အရေးယူထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်ပါ အရေးယူရန်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List