Wednesday, July 16, 2014

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးသော တရားခံပြေး တစ်သောင်းကျော် ရှိနေ


မြန်မာနိုင်ငံတွင် ပြန်တမ်းဝင်တရားခံပြေးနှင့် ပြန်တမ်းမဝင်တရားခံပြေး တစ်သောင်းကျော်ရှိနေကြောင်း ဇူလိုင် ၁၅ ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် မှုခင်းဌာနန်ကြားရေးမှူး ရဲမှူးကြီးအုန်းခိုင်က ပြောကြားခဲ့သည်။

တရားခံပြေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲတင်သည့် တရားခံကို ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ အတည်ပြုဆောင်ရွက်ရာတွင် တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်၍ အမှုအားပိတ်သိမ်းထားကြောင်း၊ ရဲတပ်ဖွဲ့စခန်းမှ တရားခံပြေးကို ပြန်လည် ဖမ်းဆီးရမိရေး တရားစွဲတင်သောအခါ တရားရုံးကနေ အမှုအားပြန်ဖွင့် စစ်ဆေးရကြောင်း၊ ရဲစခန်း၌ရှိသော တရားခံပြေးမှတ်ပုံတင်မှာ သတ်မှတ်ချက်ပါအတိုင်း ရေးသွင်းပြီး တရားခံပြေးရောက် ရှိနိုင်မည့် အရပ်ဒေ သရှိရဲစခန်းများတွင် တရားခံပြေးဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် တရားခံပြေးပုံစံများကို ပေးပို့ရကြောင်း ရဲမှူးကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှ အလိုရှိသောပြန်တမ်းဝင်တရားခံပြေး၊ အခြား ရဲစခန်းများမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းမဝင် တရား ခံပြေးနှင့် အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် ဇွန်လကုန်ထိ ပြန်တမ်းဝင်တရားခံပြေး ၉၁ဝ ဦး၊ ပြန်တမ်းမဝင်တရားခံပြေး ၁၂၄၉၄ ဦး စုစုပေါင်း ၁၃၄ဝ၄ ဖြစ်ကြောင်း သိရသည်။ 

ပြန်တမ်းဝင်တရားခံပြေးကို တရားစွဲတင်သောအခါတွင် ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ဖြစ်သော လူသတ်မှု၊ ဓားပြ မှု၊ မုဒိမ်းမှု၊ လူပြန်ပေးမှု၊ မူးယစ်ဆေးဝါး မှု၊ ငွေစက္ကူအတုပြုလုပ်မှု၊ လုယက်မှု၊ အိမ်ဖောက်ထွင်းမှု၊ ခိုးမှု၊ ယုံမှတ်အပ်နှံရေးဖောက်ဖျက်မှု၊ လိမ်လည်မှု၊ အလွဲသုံးစားမှုကျူးလွန်သူများကို ပြစ်မှုပြန်တမ်းတွင် ထည့်သွင်းကြေညာရကြောင်း ပြစ်မှုပြန်တမ်းတွင် မှုခင်းရဲတပ်ဖွဲ့မှ တစ်လတစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ပြစ်မှုပြန်တမ်းတွင် ထည့်သွင်းခြင်းမရှိသော တရားခံပြေးများကို ပြန်တမ်းမဝင် တရားခံပြေးဖြစ်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၆ အရ တရားခံပြေး လက်သင့်ခံသူကို တရားခံပြေး ကျုးလွန်ခဲ့သည့် ပြစ်မှုနှင့် သေဒဏ်ထိုက်သည့်ပြစ်မှုဖြစ်လျှင် ထောင်ဒဏ်ခုနစ်နှစ်အထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ တရားခံပြေးသည် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည့်ပြစ်မှုကို ကျုးလွန်သူ ဆိုလျှင် သုံးနှစ်အထိထောင်ဒဏ်၊ ငွေဒဏ် အကယ်၍ တစ်နှစ်မှ ၁ဝနှစ်အထိ ထောင်ဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြစ်လျှင် ထိုပြစ်မှု၏ ချမှတ်နိုင်သောကာလအပိုင်းအခြား၏ လေးပုံတစ်ပုံသော ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လုပ်ဆောင်မှုများရှိသော်လည်း ဝေဖန်မှုအချို့နှင့် ရင်ဆိုင်နေရသည်။ ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့နှင့် အခြားမြို့များတွင် အများအားဖြင့် လုံခြုံရေးကိစ္စများ၊ ဆန္ဒပြမှုကိစ္စများနှင့်ပတ်သက်၍သာ အဓိကဖြေရှင်း လုပ်ဆောင်နေရခြင်း၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ တို့နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေရသောကြောင့် အခြားရာဇဝတ် မှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် လုပ်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနိုင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List