Tuesday, July 15, 2014

ယူနတီ သတင်းသမားများ လွတ်မြောက်ရန် စစ်တွေတွင် ဆုတောင်း


ဓာတုလျှို့ဝှက် လက်နက်သတင်း ဆောင်းပါး ရေးသားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အထိပင် ကျခံနေရသည့် ယူနတီ အမှုဆောင်အရာရှိချုပ်နှင့် သတင်းသမားလေးဦး အမြန်ဆုံး လွတ်မြောက်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သတင်းသမား အပါအဝင် လူသုံးဆယ်ခန့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းသမားများထံမှ သိရှိရသည်။

သတင်းမီဒီယာ ခြောက်ခုမှ သတင်းသမားများနှင့် စစ်တွေမြို့ခံ စုစုပေါင်း ၃၀ ဝန်းကျင်သည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဘုရားကြီး သိမ်တော်တွင် ဆုတောင်းခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

“သတင်းထောက်တွေ အမြန်ဆုံး လွတ်ပါစေဆိုတဲ့ ဆန္ဒနှင့် ဆုတောင်းပွဲ လုပ်ရခြင်း ဖြစ်ပါတယ်။ ထောင်ချ မှတ်လိုက်တဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ စဉ်းစားပေးဖို့ သမ္မတကြီးကို တောင်းဆိုချင်တာလည်း ဖြစ်ပါတယ်” ဟု Eleven Media Group စစ်တွေမြို့ခံ သတင်းသမား ဦးသန်းလှိုင်က ပြောကြားသည်။

“ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက် ဓာတုစက်ရုံ” သတင်းဆောင်းပါးကို ယူနတီဂျာနယ် အတွဲ (၃)၊ အမှတ် (၄) တွင် ဖော်ပြခဲ့သည်။ 

ယင်းဆောင်းပါးသည် နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊ စက်ရုံ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကျော်ဖြတ် ဓာတ်ပုံရိုက်ခဲ့သည်ဟု ဆိုကာ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းသမား လေးဦးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။ 

ဇူလိုင် ၁၂ ရက်နေ့ကလည်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲကို သတင်းသမားများက သတင်းမယူဘဲ တူညီဝတ်စုံများဖြင့် ငြိမ်းချမ်းရေးစင်တာ ပြင်ပ၌ မတ်တတ်ရပ် ဆန္ဒပြခဲ့ကြသည်။

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment

My Blog List