Friday, July 18, 2014

စည်းကမ်းချက်များ မလိုက်နာသဖြင့် အလှမယ် ခင်ဝင့်ဝါ Miss Supranation Myanmar 2014 ၂ဝ၁၄ ဆုရှင်အား သရဖူ ပေးအပ်ခွင့် ရရှိတော့မည်မဟုတ်ဟုဆို


ဇူလိုင် ၁၇ -Miss Golden Land Myanmar Organization နှင့်ချုပ်ဆိုထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိ ခြင်းကြောင့် အလှမယ် ခင်ဝင့်ဝါ သည် Miss Supranation Myanmar 2014 ဆုရှင်အား သရဖူ ပေးအပ်ခွင့်ရရှိ တော့မည်မဟုတ် Organization သတင်း ထုတ်ပြန်ချက် အရသိရသည်။

''ကျွန်တော်တို့ဘက်ကဒီတစ်ကြိမ်က အသိပေးတာပါ။ ကျွန်တော် Organization က ကမ်းလှမ်းတာတွေ ကိုလဲ သူကအကြောင်း အမျိုးမျိုးပြပြီးတော့ ငြင်းဆိုတာတွေရှိပါတယ်။ နောက်ပြီးတော့သင်္ကြန်မှာတုန်းကလဲ သူ့ကိုကျွန်တော်တို့မေးပါတယ်။ ဘာလုပ်မလဲဆိုတော့ သူက တရားစခန်းဝင်မယ်ဆိုပြီးတော့ပြောပါတယ်။ ကျွန်တော်တို့ဘက်က ဒီအတိုင်းသတင်းထုတ်ပြန်ခဲ့တယ်။နောက်ပြီးလဲကျရော သူကသင်္ကြန်မှာ ရုပ်ရှင် ရိုက်ရမယ်ဆိုပြီးတော့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ သူ့ကြောင့်ကျွန်တော်တို့ ပရဟိတလုပ်ငန်းတွေနဲ့ပတ် သက်ပြီးတော့မျက်နှာပျက်ရတာတွေလဲ ရှိပါတယ်။ 

ကျွန်တော်တို့ပေးထားတဲ့ မန်နေဂျာနဲ့ အနုပညာကြေးကိစ္စတွေကို ပြောဆိုရမယ့်အပိုင်းဆိုရင် သူဘာသာ ဈေးနှုန်းစကားပြောတာ တွေရှိလာတယ်။ ဒါကြောင့်ကျွန်တော်တို့ဘက်က သူ့ကိုဒီလိုမျိုးသတိပေး အကြောင်း ကြားစာကိုလူသိရှင်ကြားထုတ်ပြန်ရတာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန် ဇော်လတ်က ပြောသည်။

အလှမယ်ခင်ဝင့်ဝါသည် Miss Supranation Myanmar 2013 အဖြစ် တာဝန်ယူထားစဉ်ကာလအတွင်း Miss Golden Land Myanmar Organization နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်တွင် Organization အပေါ်လေးစားသောအားဖြင့် အနုပညာလှုပ်ရှားမှုများပြုလုပ်ခြင်း၊ ရိုက်ကူးရေးများ ပြုလုပ်ရာ တွင် စာချုပ်ပါစည်းကမ်းချက်အရ Organization ထံမှာ ခွင့်ပြုချက် တောင်းခံရန်၊ အနုပညာလှုပ်ရှားမှုများ ပြုလုပ်ရာတွင် Organization ၏ လမ်းညွှန်စီမံချက်အပေါ်တွင်သာ ဆောင်ရွက်ရန်နှင့် Organization နှင့်မဟုတ်ဘဲ မိမိသဘောဆန္ဒအတိုင်း လုပ်ဆောင်သည့် အနုပညာလှုပ်ရှားမှုများကိုလည်း Organization ထံသို့ အသိပေးအကြောင်းကြားရမည်ဟု ချုပ်ဆိုထားခြင်းဖြစ်ကြောင်းသိရသည်။

စာချုပ်ပါစည်းကမ်းချက်များအား အလှမယ် ခင်ဝင့်ဝါမှ တစ်နှစ်ထိလိုက်နာရမည်ဖြစ်သော်လည်း လိုက်နာ ခဲ့ခြင်းမရှိသည့်အတွက် ဇူလိုင် ၁၄ ရက်တွင် အဆိုပါသတိ ပေးထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အလှမယ်ခင်ဝင့်ဝါက ''အခု ညီမကို Organization ကနေပြီး တော့ သတိပေးစာထုတ်လိုက်တာ နဲ့ပတ်သက်ပြီးတော့ ဘာမှမပြောချင်တော့ပါဘူး။ ညီမဘက်ကအတတ်နိုင်ဆုံး စည်းကမ်းလိုက်နာခဲ့ပါတယ်။ ပရဟိတတွေဆိုရင်လဲ ညီမတတ်နိုင်သမျှအားလုံးကို လုပ် ဆောင်နေပါတယ်။ Organization ကိုလဲ ညီမ လေးလေးစားစားဆက်ဆံပါတယ်။ 

ဒီလိုမျိုးဖြစ်တာကတစ်ဖက် နဲ့တစ်ဖက်အထင်လွဲနေကြတာလို့ ညီမကတော့ ထင်ပါတယ်။ ညီမလုပ်သမျှ ကိစ္စရပ်တွေအားလုံးကို Organization ကို အစီရင်ခံစာတင်ပါတယ်''ဟုပြောသည်။

Miss Golden Land Myanmar Organization နှင့် အလှမယ်ခင်ဝင့်ဝါတို့ ချုပ်ဆိုထားသည့်စာချုပ်မှာ စက်တင်ဘာလတွင်ပြည့်မည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင့်ဝါသည် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် Miss Supranational 2013 ပြိုင်ပွဲကြီးတွင် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ Miss Inter-net, Most Beautiful Woman in the World,Face of Miss Supra-national ဆုများရရှိခဲ့ကြောင်း သိရသည်။

နွေးနွေး
Democracytoday

No comments:

Post a Comment

My Blog List