Wednesday, July 16, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆင်ပြေချောမွေ့စေရန် NLD ဦးဆောင်၍ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများ စက်တင်ဘာလတွင် တွေ့ဆုံမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆင်ပြေချောမွေ့စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်၍ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများ စက်တင်ဘာလတွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၄ ရက်က နေပြည်တော်၌ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ ၂၀၁၄ ကြားဖြတ်ရွေးကောက် ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲအခြေအနေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီခေါင်းဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင် ပြင်ဆင်မှုလမ်းကြောင်းအား ဒေါ်အောင်ဆန်းစုကြည် လက်ခံ သည့်အတွက် မိမိတို့နှင့် ထပ်တူကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်ကြိုး စားသည့်လမ်းကြောင်း ပိုမိုအဆင်ပြေစေရန် တွေ့ဆုံညှိနှိုင်းခြင်း လုပ်သင့်သည့်ဆိုသောမူဖြင့် ဆွေးနွေး ကြခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“မကြာမြင့်သော ကာလမှာလည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ ၁၉၉၀ ကာလက မိတ်ဖက်ပါတီတွေ လွှတ်တော်ပြင်ပမှာ ရှိမှာပေါ့။ အခု ကျွန်တော်တို့နဲ့အတူ တွဲလုပ်နေကြတဲ့ လွှတ်တော်တွင်းက နိုင်ငံရေးပါတီတွေ ရှိမှာပေါ့ဗျာ။ လွှတ်တော်တွင်း လွှတ်တော်ပြင်ပကို ချိတ်ဆက်စေချင်တဲ့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င်ပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုတဲ့ ပါတီတွေပေါ့နော်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တွေ့ဆုံမှုလေးတွေကတော့ လုပ်သင့်တယ်ဆိုတဲ့ ကျွန်တော်တို့ ဆွေးနွေးကြတာ ရှိပါတယ်။ အဲဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး အကောင်အထည် ဖော်ပေးနိုင်မယ်လို့ ယူဆတယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးမှုလေး တစ်ခုတော့ဖြင့် ကျွန်တော်ထင်တယ် စက်တင်ဘာလ ပထမပတ်လောက်မှာ ဖြစ်လာနိုင်ခြေ ရှိတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ အားလုံးသည် ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ရအောင် ကြိုးပမ်းနေကြသည့် ပါတီများ၊ လူမျိုးနွယ်စုများ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီအတွင်း စည်းထဲ၌ တာဝန်ရှိကြသည့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေး၍ အဖြေတစ်ခု ရစေချင်ကြောင်း ဒေါက်တာအေးမောင်က တိုက်တွန်းပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးငြင်းခုန်သည့် ကာလတစ်ခု၌ လွှတ်တော်အမတ်များက သူ့အမြင်၊ ကိုယ့်အမြင်လေးများဖြင့် ဘက်တစ်ဖက်က ရပ်တည်ပြီး ဆွေးနွေးကြတော့မည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုပြင်းထန်ခြင်း သို့မဟုတ် ဆွေးနွေးမှုများသည် တစ်ဖက်ကိုလည်း ရောက်သွားနိုင်ပြီး ဆန့်ကျင်ဖက်လည်း ဖြစ်သွားနိုင်သည့်အပြင် အကုန်လုံး သဘောတူညီမှုလည်း ရသွားနိုင်သောကြောင့် တွေ့ဆုံဆွေးနွေးမှုဆိုသည့် ကဏ္ဍတစ်ခုဖြင့် ကြားမှာဖြတ်သင့်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။

“လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ချိတ်ဆက်ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်လေးတွေ တိုင်းရင်းသားရချင်တယ်။ ဒီမိုကရေစီ Process တစ်ခုကလည်း နောက်ပြန်မသွားချင်ဘူး။ ရှေ့ကိုသွား ချင်တယ်။ အဲဒီဟာလေးအတွက် တစ်စုံတစ်ခု အတိုင်းအတာထိ တွေ့ဆုံပွဲဖြစ်ခဲ့ရင်တော့ဖြင့် နိုင်ငံတော် အကြီးအကဲတွေ၊ ပါတီခေါင်းဆောင်ကြီးတွေကို တပ်မတော်အကြီးအကဲတွေ ကျွန်တော်တို့ဘက်ကတော့ တောင်းဆိုချက်လေးတွေ ထွက်လာနိုင်တာပေါ့လေ။ အဲဒီလို တောင်းဆိုချက်တွေကို အကြီးအကဲတွေ ဘက်က လက်ခံပြီး သို့မဟုတ် သဘောပေါက်စွာနားထောင် သို့မဟုတ် ဆင်ခြင်သုံးသပ်နိုင်မယ်ဆိုရင် ပြည့်စုံတဲ့အစီအစဉ်တစ်ခု ဖြစ်နိုင်တာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ထိုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြီး စက်တင်ဘာလ၌ တွေ့ဆုံမှုပြုလုပ်ရန် တိုင်းရင်းသား ပါတီများ၏ တောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ လက်ခံခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့ပြီး အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အတည်ပြုမေးမြန်းရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ထံ ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ဖုန်းကိုင်ဆောင်ဖြေကြား ခဲ့ခြင်း မရှိခဲ့ပေ။

Eleven Media Group

No comments:

Post a Comment

My Blog List