Thursday, July 17, 2014

ရုရှားအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ကိုင်တွယ်ပေးရန် အီးယူ ခေါင်းဆောင်များကို ယူကရိန်း တိုက်တွန်း



ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွင် ခွဲထွက်ရေး ဝါဒီများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စစ်မက်ပဋိပက္ခတွင် ရုရှားနိုင်ငံ အပေါ် ပြင်းထန်သည့် ပြုမူဆောင်ရွက်မှုများဖြင့် တုံ့ပြန်ပေးကြရန် ယူကရိန်းသမ္မတပီထရိုပိုရိုရှန်ကိုက ဥရောပ သမဂ္ဂ(အီးယူ) ကို တိုက်တွန်း ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 
ဗုဒ္ဓဟူးနေ့က ဘယ်လ်ဂျီယံနိုင်ငံ၏ အကြီးဆုံးမြို့တော် ဘရပ်ဆဲလ်၌ ကျင်းပပြုလုပ်သည့် အီးယူ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်းသမ္မတက ရုရှားနိုင်ငံအပေါ် ပြင်းထန်သည့် တုံ့ပြန်မှုများ ပြုလုပ်ပေးရန် အီးယူ ခေါင်းဆောင်များကို အထက်ပါအတိုင်း တိုက်တွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွင် ခွဲထွက်ရေး ဝါဒီများနှင့် ယူကရိန်း စစ်တပ်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်လာပြီးနောက် ရုရှားအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန် သမ္မတပိုရိုရှန်ကိုက ဥရောပကောင်စီ ဥက္ကဋ္ဌ ဟာမန်းဗန်ရွန်ပွေးအား ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ 

ထို့ပြင် ယူကရိန်းအရှေ့ပိုင်း ဒေသမှ လူနေရပ်ကွက်များကို လေကြောင်းက တိုက်ခိုက်မှု အပါအဝင် စစ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်တစ်စင်းကို ပစ်ချခဲ့မှုတွင်လည်း ရုရှားနိုင်ငံက နောက်ကွယ်မှ ပါဝင်ပတ်သက်နေကြောင်း ယူကရိန်းအစိုးရက စွပ်စွဲ ပြောဆိုထားသည်။ 

ခွဲထွက်ရေး သူပုန်များသည် ရုရှားနိုင်ငံဘက်မှ ယူကရိန်း ပိုင်နက်ထဲသို့ အကြီးစား လက်နက်များ တပ်ဆင်ကိုင်ဆောင် ကာ ဝင်ရောက်လျက်ရှိသည့် သက်သေ အထောက်အထားသစ်များကို ရရှိထားပြီ ဖြစ်သည်ဟူ၍လည်း သမ္မတပိုရို ရှန်ကိုက ဥရောပကောင်စီ ဥက္ကဋ္ဌကို သတင်းပေး ပြောဆိုခဲ့သည်။ 

“အီးယူအနေနှင့် ယူကရိန်းကို ကျောထောက်နောက်ခံပြုရာတွင် ခိုင်မာသော လုပ်ဆောင်ချက်နှင့် ရပ်တည်ချက် ရှိကြောင်း ထုတ်ဖော် ပြသသင့်သည်ဟု အီးယူ ခေါင်းဆောင်များကို သမ္မတက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်” ဟုလည်း ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ 

ဘရပ်ဆဲလ်အခြေစိုက် သံတမန်ကြီးများ အဆိုအရ အီးယူခေါင်းဆောင်များ အနေနှင့် ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှု အသစ်များ ထပ်တိုး ပြဋ္ဌာန်းသွားဖွယ် ရှိကြောင်း သိရသည်။ 

ရုရှားသည် နှစ်နိုင်ငံ နယ်စပ်ဒေသ၌ သူပုန်များ ခြေကုပ်ယူ လှုပ်ရှားနေသည်ကို မျက်ကွယ်ပြုထားရုံမျှမက တစ်ခါတစ်ရံ ၎င်းတို့ကို စစ်လက်နက်များပင် ထောက်ပံ့ပေးလျက် ရှိသည်ဟု ယူကရိန်းအစိုးရက ထပ်ခါတလဲလဲ စွပ်စွဲပြောဆို ခဲ့သော်လည်း ရုရှားအစိုးရက လုံးဝမှန်ကန်မှု မရှိဟု တုံ့ပြန်လျက်ပင် ရှိသည်။

ဒေသခံ ကျန်းမာရေး အာဏာပိုင်များ အဆိုအရ အင်္ဂါနေ့က အရှေ့ပိုင်းဒေသရှိ ယူကရိန်းပိုင် ဆွန်ဇီးမြို့သို့ လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံးလူ ၁၁ ဦး သေဆုံးသွားကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List