Wednesday, July 16, 2014

ထိုင်း-မြန်မာဒုက္ခသည်များ တစ်နှစ်အတွင်း နေရပ်ပြန်ပို့ရန် စီစဉ်နေမှုအပေါ် အဆင်သင့်မဖြစ်သေး၍ ဒုက္ခသည်များစိုးရိမ်


ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော မြန်မာဒုက္ခသည် ၁၃ဝ,ဝဝဝ ကျော်ကို တစ်နှစ်အတွင်း နေရပ်ပြန်ပို့ရန် ထိုင်းအစိုးရက စီစဉ်နေသည့်အပေါ် ပြည်တွင်း၌ လုံခြုံမှု မရှိသေးသဖြင့် ဒုက္ခသည်များက စိုးရိမ်နေသည်ဟု ဒုက္ခသည်များနှင့် ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းအာဏာသိမ်းအစိုးရက မြန်မာဒုက္ခသည်များ ၁၃ဝ,ဝဝဝကို ပြန်ပို့ရန် ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်ကို အနည်းဆုံး တစ်နှစ်ကြာမည်ဟု ထိုင်းစစ်တပ်ကို ကိုးကား၍ ဇူလိုင် ၁၄ရက်က ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ တရားဥပဒေစိုးမိုးမှု၊ အပစ်အခတ် ရပ်စဲရေး မရသေးသကဲ့သို့ အရပ်ဝတ် မြန်မာအစိုးရနှင့် ထိုင်းအစိုးရစစ်တပ် နှစ်ခုမှ လုပ်ဆောင်မည့် အပေါ် ပိုမိုစိုးရိမ်မှု ရှိနေကြသည်ဟု မယ်လစခန်းမှ ဒုက္ခသည် ဦးစောဒုဒူက မဇ္ဈိမကို ပြောသည်။

“ပြန်ဖို့ အဆင်သင့်လုံးဝ မရှိဘူး။ ကျွန်တော်တို့က စစ်အုပ်ချုပ်မှု မတရားချုပ်ချယ်ခံခဲ့ရလို့ ကျွန်တော်တို့ ဒုက္ခသည် အဖြစ်ရောက်လာခဲ့ရတယ်။ အခုလည်း ထိုင်းစစ်တပ်က ကိုင်နေတဲ့ အချိန်မျိုးမှာ စစ်တပ်နှစ်ခုက ဘာတွေ လုပ်မယ်ဆိုတာ ပိုပြီးတော့ စိုးရိမ်တယ်။ ထိုင်းစစ်တပ်က လူသားချင်းစာနာမှု မရှိဘူးဆိုရင် ကျွန်တော်တို့အတွက် ပိုပြီးတော့ ဒုက္ခရောက်ဖို့က သေချာတယ်။ ဒီအတွက် စိုးရိမ်နေကြတယ်”ဟု သူက မဇ္ဈိမကိုပြောသည်။

ထို့ပြင် တစ်နှစ်အတွင်း နေရပ်ပြန်နိုင်ရန် မြန်မာနိုင်ငံတွင် ဒုက္ခသည်များအတွက် ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေး မရှိသေးသလို အခြေခံ အဆောက်အအုံများ အဆင်သင့် မရှိသေးဟု မယ်လဒုက္ခသည်စခန်းမှ တွဲဘက်အတွင်းရေးမှူး နော်ဒေးဒေးက ပြောသည်။

 “မဖြစ်နိုင်သေးဘူး၊ တစ်နှစ်အတွင်း ပြောင်းဖို့ ရွှေ့ဖို့ဆိုတာ မလွယ်သေးတဲ့ကိစ္စပါ။ ပြည်တွင်းမှာက ဒုက္ခ သည် တွေအတွက် ဘာမှ အဆင်သင့်မရှိသေးဘူး၊ ဒီမှာက သတင်းကို အတိအကျ ဝေမျှတာမျိုး မရှိတော့ လူတွေက ဘာမှအတိအကျ မသိဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ကရင်ဒုက္ခသည်များ ကော်မတီဝင် တစ်ဦးကလည်း “ဒုက္ခသည်စခန်း ပိတ်တဲ့အချိန်က သင့်တော်တဲ့ အချိန်ဖြစ်ဖို့ လိုတယ်။ တိုင်းပြည် အေးချမ်းသောနေ့၊ စစ်တပ်အုပ်ချုပ်ရေး မရှိတောတဲ့နေ့၊ လမသာရင် ဘယ်သူကမှ အိမ်မပြန်ချင်ဘူးလေ။ မြန်မာပြည်က မှောင်မဲနေတုန်းပဲဆိုတော့ ပြန်ချင်တဲ့လူက မရှိသေးဘူးလို့ ထင်တယ်”ဟု ပြောသည်။

ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးကို ထိုင်းစစ်တပ်နှင့်အတူ UNHCR နှင့် မယ့်ဖာလွန်ဖောင်ဒေးရှင် (Mae Fah Luang Foundation) တို့ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ဒုက္ခသည်စခန်း ၉ခုမှ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခြင်း၊ လူဦးရေ စိစစ်ခြင်းများ ပြုလုပ်သွားမည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားသည်။

မြန်မာဒုက္ခသည်များနှင့် ဆွေးနွေးစကားပြောပြီး မြန်မာနိုင်ငံသို့ ပြန်လိုသူများ၊ ထိုင်းနိုင်ငံတွင်သာ ဆက်လက် နေထိုင်လို သူများနှင့် တတိယနိုင်ငံသို့ ပြန်လည် အခြေချလိုသူများ ဟူ၍ အုပ်စု ၃ ခုခွဲ၍ လုပ်ဆောင်သွားမည်ဟု ရေးသားထားသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာဒုက္ခသည်များအား လက်ခံမည် ဖြစ်သော်လည်း လူဦးရေ မည်မျှ လက်ခံမည်ကို အတည်ပြုချက် မရသေးပေကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းအာဏာသိမ်း စစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်တွင် အုန်းဖျန်ဒုက္ခသည်စခန်းရှိ ဒုက္ခသည် အိမ်ထောင်စုစာရင်းကို ထိုင်းစစ်တပ်နှင့် အုပ်ချုပ်ရေးအာဏာပိုင်များက လာရောက်၍ ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု အုန်းဖျန်ဒုက္ခသည် စခန်း၏ တာဝန်ခံ စောဝါးထီးက ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့ကလည်း ထိုင်းစစ်တပ်၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူ များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့က အုန်းဖျန်၊ နို့ဘိုး ဒုက္ခသည်စခန်းရှိ လူဦးရေစာရင်း များ ကောက်ယူခဲ့သည်။ လာမည့် ဇူလိုင်လ ၁၈ ရက်မှာမူ လူဦးရေအများဆုံး ခိုလှုံနေသော မယ်လ ဒုက္ခသည်စခန်းမှ လူဦးရေစာရင်းများ စစ်ဆေးသွားမည်ဟု သိရသည်။

ယခုလဆန်းမှစတင်၍ ထိုင်းစစ်တပ်က ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ပြင်ပမထွက်ရန် ပိတ်ပင်ထားသဖြင့် ဒုက္ခသည်များ အပြင်ထွက်အလုပ်လုပ်၍ မရသလို၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးသော TBBC ကလည်း ရိက္ခာအပြည့်ပေးခြင်း မရှိသဖြင့် အခက်အခဲများနှင့် ကြုံနေရသည်ဟု မယ်လဒုက္ခသည် ဦးစေားဒုဒူက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List