Friday, July 18, 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သစ် ရန်း(င်)ဟီးလီ အင်းစိန်ထောင်သို့ သွားရောက်လေ့လာ



မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများကို လေ့လာရန်အတွက် ဇူလိုင် ၁၆ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သစ် ရန်း(င်)ဟီးလီသည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ သွားရောက်လေ့လာ ခဲ့ကြောင်း သတင်းရရှိသည်။
“မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်သစ်က မနက်က ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့တယ်။ ပြီးတော့ လူ့အခွင့်အရေးကော်မရှင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အင်းစိန်ထောင်ကိုလည်း သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်အပတ်ထဲမှာ မန္တလေးကို သွားရောက်လေ့လာဖို့ ရှိပါတယ်”ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်း(င်)ဟီးလီနှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ နာယက ဦးလှမောင်၊ ဥက္ကဌ ဦးစိန်ဝင်းအောင် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နာယက ဦးလှမောင်၊ ဥက္ကဌ ဦးစိန်ဝင်းအောင်နှင့် အဖွဲ့ဝင် ဦးအောင်နိုင်တို့က မြန်မာနိုင်ငံသည် မိမိတို့ယုံကြည်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်ပဋိပက္ခများကိုလည်း ဘာသာပေါင်းစုံ အတူလက်တွဲဖြေရှင်းလျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။

ထို့နောက် မစ္စရန်း(င်)ဟီးလီက မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခမျိုး ကမ္ဘာတစ်ဝန်းတွင်လည်း ဖြစ်ပေါ် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပဋိပက္ခများအတူ လက်တွဲဖြေရှင်းနေသည်ကို ကြားသိရခဲ့ရပြီး ဖြစ်ကြောင်းပြန် လည်ပြောကြားခဲ့သည်။

ထို့မှတစ်ဆင့် မစ္စရန်း(င်)ဟီးလီသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးသို့ သွားရောက်ခဲ့ပြီး ကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တွေဆုံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မစ္စရန်း(င်)ဟီးလီသည် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး အကျဉ်းသားခြောက်ဦးအား သီးခြားစီ လွတ်လပ်စွာတွေ့ ဆုံခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ထုတ်လွှင့်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သစ်သည် မြန်မာနိုင်ငံ၏ လတ်တလောလူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် ဇူလိုင် ၁၆ ရက်မှ ၂၆ ရက်အထိ နေထိုင်မည်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ကချင်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်သစ် မစ္စလီသည် ကိုရီးယားနိုင်ငံလူ့အခွင့်အရေးကော်မရှင် အကြံပေးကော်မတီဝင်နှင့် နိုင်ငံတကာကလေးများစင်တာ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List