Wednesday, July 16, 2014

တိုက်ပွဲရပ်ရေး လွှတ်တော်က အထူးတိုက်တွန်းဖို့ မလိုလို့ ဦးရွှေမန်းပြော



စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာ၊ စိတ်မကောင်းပေမယ့် တိုက်ပွဲရပ်ဆိုင်းရေးမှာ လွှတ်တော်က အထူးတိုက်တွန်းစရာ မလိုဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောဆိုလိုက်ပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပြည်သူများ ဒုက္ခရောက်နေတဲ့ ကိစ္စကို ပြည်ထောင်စု အစိုးရက အဓိက ကိုင်တွယ် ဖြေရှင်းနေတဲ့အတွက် လွှတ်တော်က အထူးတိုက်တွန်း စရာမလိုဘူးလို့ သူကပြောဆိုတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝက်ကျေးရွာအုပ်စု၊ တာဖာဆောင် တံတားတွင် တပ်မတော်နဲ့ SPP/SSA တို့ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ကျေးသီးမဲဆန္ဒနယ်က ဦးစိုင်းအွမ်ဆိုင်မိုင်းက တင်သွင်းတာနဲ့ ပတ်သတ်လို့ ဦးရွှေမန်းက အခုလို ပြန်ပြောတာ ဖြစ်ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနဲ့ တိုင်းရင်းသားဒေသခံတွေ အရေးကို ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေတဲ့အတွက် လွှတ်တော်အနေနဲ့ စောင့်ကြည့်သွားမယ်။ အဆိုကို မှတ်တမ်းတင် ထားရှိမယ်လို့ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။ တပ်မတော် စစ်ကြောင်းတွေဟာ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ဒုက္ခရောက်နေတယ်လို့ ဦးစိုင်းအွမ်ဆိုင်မိုင်းက ဆိုပါတယ်။

တိုင်းရင်းသူ ၈၀ ကျော်၊ ကလေး ၉၀ ခန့်နဲ့ ရဟန်းသံဃာ အပါအဝင် ဒေသခံ နှစ်ရာကျော် စစ်ဘေးရှောင် ဘုန်းတော်ကြီးကျောင်းမှာ လိုလှုံနေကြရတယ်လို့ အဆိုကိုထောက်ခံတဲ့ ရှမ်းပြည်နယ် ၊ ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်းဝါနုက ပြောပါတယ်။

SSPP/SSA တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော် လက်နက်ကိုင် နှစ်ဖက်ကြား သဘောတူထားတဲ့ ကိစ္စကို မဖောက်ဖျက်ရင် အခုလို ဒေသခံတွေ ဒုက္ခရောက်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်က ပြောပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List