Tuesday, July 15, 2014

မက်ဆီ ရွှေဘောလုံးဆုရရှိခြင်းကို FIFA ဥက္ကဋ္ဌနှင့် မာရာဒိုနာတို့က ဝေဖန်


ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် လီယွန်နယ် မက်ဆီ ရွှေဘောလုံးဆု ရရှိသွားခြင်းအပေါ် အံ့အားသင့် မိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ဖွင့်ဟ ပြောကြား လိုက်သည်။အသက် ၂၇ နှစ်အရွယ် မက်ဆီသည် အာဂျင်တီးနား အသင်းက ဗိုလ်လုပွဲစဉ်တွင် ဂျာမနီကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ သော်လည်း ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ကစားသမားအဖြစ် ရွှေဘောလုံးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

"ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မက်ဆီ ရွေးချယ်ခံရတာကို ကျွန်တော် နည်းနည်းတော့ အံ့သြ မိတယ်"ဟု ဘလတ္တာက ဆိုသည်။

အာဂျင်တီနား ဂန္တဝင် ဒီယေဂို မာရာဒိုနာ ကလည်း ရွှေဘောလုံး ဆုနှင့် ပတ်သက်၍ မျှတမှု မရှိကြောင်း ပြောကြား ခဲ့သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ကစားသမား တစ်ဦးချင်းကို ချီးမြှင့် ပေးအပ်သော ရွှေဘောလုံး ဆုနှင့် အကောင်းဆုံး ဂိုးသမားအဖြစ် ချီးမြှင့်သည့် ရွှေလက်အိတ် ဆုကဲ့သို့ ဆုများကို FIFA ၏ နည်းစနစ် ပိုင်းဆိုင်ရာ လေ့လာရေးအဖွဲ့က ရွေးချယ် ပေးအပ်ခြင်း ဖြစ်သည်။ FIFA ၏ နည်းစနစ်ပိုင်း ဆိုင်ရာ လေ့လာရေး အဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတကာ ပြိုင်ပွဲများကို လေ့လာ ဆန်းစစ်လေ့ ရှိသည်။

မက်ဆီသည် အုပ်စုအဆင့်ပွဲစဉ်များတွင် ခြေစွမ်း ကောင်းမွန်ခဲ့ပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့ရာ ထိုအခြေအနေ အပေါ်မူတည်ဆုံးဖြတ်ခဲ့၍ ရွှေဘောလုံးဆုရှင်အဖြစ် ရွေးချယ်ခံရသည်ဟု ထင်ကြောင်းလည်း FIFA ဥက္ကဋ္ဌက ဝေဖန် သုံးသပ်သည်။ မက်ဆီသည် အာဂျင်တီးနား အသင်း ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ သော်လည်း ရှုံးထွက်အဆင့် ပွဲစဉ်များတွင် ဂိုးသွင်းယူ နိုင်ခဲ့ခြင်း မရှိချေ။ မက်ဆီ ကမူ အဆိုပါဆုနှင့် ပတ်သက်၍ "ဒီအချိန်မှာ ဒီဆုကိုလည်း ဂရုမစိုက်ပါဘူး၊ ဘယ်အရာကိုမှလည်း ဂရုမစိုက်ပါဘူး၊ ကျွန်တော် အာဂျင်တီးနား ပြည်သူတွေအတွက် ကမ္ဘာ့ဖလားရယူ ပေးချင်ခဲ့တာပါ"ဟု ပြောကြားသည်။

မက်ဆီနှင့် တစ်နိုင်ငံတည်းသား ဂန္တဝင် ဘောလုံး ကစားသမား မာရာဒိုနာ ကလည်း မက်ဆီကို ရွှေဘော လုံးဆုရွေးချယ် ပေးအပ် ခြင်းအား ဝေဖန်ခဲ့သည်။ မာရာဒိုနာက ယခုနှစ် ကမ္ဘာ့ဖလားတွင် ရွှေဘောလုံး ဆုကို ကိုလံဘီယာမှ ဂျိမ်းစ် ရိုဒရီဂွက်ဇ် ရရှိသင့်ကြောင်း ၎င်းတင်ဆက်သည့် ရုပ်သံအစီအစဉ်တွင် ပြောကြားလိုက်သည်။ 

ကိုလံဘီယာ ကစားသမား ရိုဒရီဂွက်ဇ်သည် ယခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ၅ ပွဲ ကစားပြီး ၆ ဂိုး သွင်းယူခဲ့ကာ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည်။ သို့သော်လည်း ကိုလံဘီယာ အသင်းသည် ကွာတား ဖိုင်နယ်တွင် အိမ်ရှင် ဘရာဇီးလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List