Thursday, July 17, 2014

ကာကွယ်ရေးဘတ်ဂျက် မလိုအပ်ဘဲ လျှော့မသုံးသင့်ဟု ကိုယ်စားလှယ်ပြော



ကာကွယ်ရေးဝန်ကြီးဌာနသည် မလိုအပ်ဘဲ ကာကွယ်ရေးဘတ်ဂျက်ကို လျှော့မသုံးသင့်ကြောင်း ပျော်ဘွယ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

၎င်းက “ခေတ်မီသောတပ်မတော်၊ အရည်အချင်းပြည့်ဝသော တပ်မတော်အဖြစ် ရေရှည်ရပ်တည်နိုင်ရန် ကာကွယ်ရေး အသုံးစရိတ်များကို မလိုအပ်ဘဲ မလျှော့ချသင့်ကြောင်း တင်ပြဆွေးနွေးပါတယ်”ဟု ပြောသည်။
၂၀၁၃- ၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးမြင့်စိုးကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းက ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ဘတ်ဂျက်မှစ၍ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချသုံးစွဲမည်ဟု သိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် အရေးပေါ်မှ လက်နက်ဝယ်ကာ စစ်ရေးလေ့ကျင့်၍မရပါကြောင်း၊ တိုးတက်သော၊ ခေတ်မီသော လက်နက်များ ၀ယ်ယူထုတ်လုပ်ရန်၊ ခေတ်နှင့်အညီ စစ်ရေးအတတ်ပညာများ တတ်မြောက်ထားသော တပ်မတော်သားများမွေးထုတ်ရန် လိုအပ်ကြောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၁၆ မှစ၍ ကာကွယ်ရေးဝန်ကြီး ဌာန၏ အသုံးစရိတ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လွှတ်တော်သို့ တင်ပြထားခြင်းကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ လျှော့သုံးမယ်လို့ ပြောကြားထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ အနည်းဆုံးပဲ သုံးနေတာပဲလေ။ ကျွန်တော်တို့ဘက်က လွှတ်တော်ကို ဘာမှတင်ပြထားတာ မရှိပါဘူး”ဟု ယမန်နေ့က သတင်းထောက်အချို့၏ မေးမြန်းချက်ကို ဖြေကြားထားသည်။ 

၎င်းက “အခုကလည်း ဘတ်ဂျက်ကို အချိုးကျသုံးစွဲနေပါတယ”ဟု ဖြည့်စွက် ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီက ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ် အဖြစ် ကန်ဒေါ်လာ ၂ ဒသမ ၃ဘီလီယံ ကို တောင်းခံခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံနှင့် မလေးရှားနိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ၂ ဘီလီယံသုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List