Wednesday, July 16, 2014

အာဇာနည်နေ့အခမ်းအနား သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရဝပြုရန် လူငယ်အဖွဲ့အစည်းအချို့ တောင်းဆို



တိုင်းရင်းသားလူမျိုး ခုနစ်မျိုးမှ လူငယ်များနှင့် လူငယ်အဖွဲ့အစည်း သုံးဆယ်ကျော်ပါဝင်သော ‘အာဇာနည်သို့ ဦးညွတ်သူ များ’ အဖွဲ့က နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် နိုင်ငံတော်အကြီးအကဲများ အနေနှင့် (၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုရန် တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့တော်ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ဇူလိုင်လ ၁၅ ရက်က ပြုလုပ်သည့် ‘အာဇာနည်သို့ ဦးညွှတ်သူများ’ အဖွဲ့ ဖွဲ့စည်းခြင်းနှင့် အာဇာနည်နေ့ ဂုဏ်ပြုအစီအစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ဝင်များက ယခင်ကာလများအတိုင်း နိုင်ငံပိုင် ရုပ်သံများမှတစ်ဆင့် ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် တောင်းဆိုခြင်းနှင့်အတူ နိုင်ငံတော် အကြီးအကဲများ တက်ရောက်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဒီငြိမ်းလင်းက ပြောကြားသည်။

အာဇာနည်နေ့ အခမ်းအနားသို့ တော်လှန်ရေးကောင်စီလက်ထက် ဥက္ကဋ္ဌ ဦးနေဝင်းကိုယ်တိုင် တက်ရောက် အလေးပြုခြင်းကို မြင်ခဲ့ဖူးကြောင်း၊ နောက်ပိုင်း အစိုးရအဆက်ဆက်တွင် အဆိုပါ မြင်ကွင်းမျိုး မတွေ့ရကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီ အသွင်ပြောင်းကာလတွင် ပေါ်ပေါက်လာသည့် လူငယ်အဖွဲ့အစည်းများ၏ ဆန္ဒသဘောထားကို နိုင်ငံတော် အကြီးအကဲများအနေနှင့် အလေးအနက် ထားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။ 

(၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်ရန် အစီအစဉ် မရှိသေးကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ‘အာဇာနည်သို့ ဦးညွတ်သူများ’ အဖွဲ့အနေနှင့် အာဇာနည်နေ့မတိုင်ခင် လေးရက်ကြို၍ ဇူလိုင်လ ၁၆ ရက်မှစပြီး ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ဗီနိုင်းများကပ်ခြင်း၊ ပြည်သူများအကြား ဖုန်းအချက်ပေးသံ (ring tone) များ ဖြန့်ဝေခြင်းများနှင့် နှစ်မိနစ်စာ ရုပ်သံမှတ်တမ်းကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ကိုဒီငြိမ်းလင်းက ဆက်လက်ပြောကြားသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည် ခေါင်းဆောင်ကိုးဦးသာမကဘဲ လွတ်လပ်ရေးအတွက် အသက်ပေးသွားသော တိုင်းရင်းသား ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားများကလည်း ရိုးရာဝတ်စုံဝတ်ဆင်ပြီး ချီတက်ဂုဏ်ပြုရန်အပြင် အာဇာနည်ကုန်းတွင် တိုင်းရင်းသား ကိုယ်စားလှယ်များက တိုင်းရင်းသား ဘာသာစကားဖြင့် အာဇာနည်နေ့အကြောင်းကို ဟောပြောရန် ရှိကြောင်း ‘အာဇာနည်သို့ ဦးညွှတ်သူများ’ အဖွဲ့ဝင် ချင်းတိုင်းရင်းသား တစ်ဦးက ပြောကြားသည်။ 

“မျိုးဆက်သစ်တွေက အာဇာနည် ခေါင်းဆောင်တွေ ဘယ်လိုပုဂ္ဂိုလ်ဆိုတာ အများစု မေ့လျော့နေတယ်။ နိုင်ငံတော်ကို ဥသြဆွဲဖို့ကိစ္စ တင်သွင်းထားပေမယ့် မဖြစ်ခဲ့ဘူး။ မနှစ်တုန်းကလိုမျိုး ဟွန်းသံရှည်တီး ဂုဏ်ပြုတဲ့ကားသမားတွကို ရာသက်ပန် လိုင်စင်ပိတ်တဲ့အထိ အပြစ်ပေးတာမျိုး ပိုတင်းကျပ်လာတယ်။ ဒီလို အခက်အခဲတွေကြားကပဲ ဂုဏ်ပြုဖို့ ဆက်လုပ်ဆောင်သွားရမယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားခုနစ်မျိုးမှ လူငယ်များနှင့် လူငယ်အဖွဲ့အစည်း ၃၀ ကျော် ပါဝင်သည့် ‘အာဇာနည်သို့ ဦးညွှတ်သူများ’ အဖွဲ့သည် မြေနီကုန်းပန်းခြံကို စုရပ်အဖြစ်သတ်မှတ်၍ အာဇာနည်ကုန်းသို့ ချီတက်ဂါရဝပြုမည်ဖြစ်ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဖုန်းအချက်ပေးသံ (ring tone) ဖြင့်ဥသြဆွဲ ဂါရဝပြုမည့် အပြင် ဂုဏ်ပြုကဗျာ ရွတ်ဆိုခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ 

၂၀၁၃ ခုနှစ် (၆၆) ကြိမ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ကန့်ကွက်ပိတ်ပင်မှုများကြားမှ စပီကာများဖွင့်ကာ ဥသြသံလွှင့်၍ လည်းကောင်း၊ ရန်ကုန်မြို့တွင် လမ်းများပေါ်တွင် ကားဟွန်းများတီး၍ လည်းကောင်း ဂုဏ်ပြုခဲ့ကြသည်။

(နွေဦး)
The Voice Weekly

No comments:

Post a Comment

My Blog List