Tuesday, July 15, 2014

တယ်လီနော၏ မြန်မာဝီကီပီးဒီးယားဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး ပရိသတ် ၂၀၀၀ ကျော်တက်ရောက်


Net Monday အစီအစဉ်အရ ပြုလုပ်သော တယ်လီနောမြန်မာ၏ မြန်မာဝီကီပီးဒီးယားဆိုင်ရာဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက် က ဒဂုံတက္ကသိုလ်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူများအပါအ၀င် ပရိသတ်ပေါင်း ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာဝီကီပီးဒီးယားတွင် စတင်ရေးသားသူနှင့် စီမံခန့်ခွဲသူတစ်ဦးဖြစ်သော ကိုဇော်သက်အောင်က ၀ီကီပီးဒီးယားနှင့်ပတ်သက်သော အကြောင်းအရာ များကို ဟောပြောဆွေးနွေးခဲ့ပြီး တယ်လီနောမြန်မာမှ ကျွမ်းကျင်သူများနှင့် ဒဂုံတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာလှဌေးတို့ကလည်း ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

"မြန်မာဝီကီကို ၂၀၀၄ ဇူလိုင်မှာစတင်ခဲ့ပြီး အဲဒီတုန်းကတော့ နိုင်ငံခြားသား တစ်ယောက်ကနေ စတင်ရေးသားခဲ့တာပါ။ မြန်မာဝီကီလို့ဆိုပေမယ့် မြန်မာလိုအကြောင်းအရာမရှိသေးဘဲ အင်္ဂလိပ်လိုရေး ထားတာတွေပဲရှိခဲ့တယ်။ ၂၀၀၅ ဒီဇင်ဘာမှာတော့ မြန်မာဘာသာနဲ့ဆောင်းပါးတွေကို စတင်ရေးသား ခဲ့တယ်။ မြန်မာဝီကီမှာက ဖောင့်ပြဿ     နာရှိနေပြီး ဖတ်လို့မရတာတွေ ရှိနေပါတယ်။

အင်္ဂလိပ်ဝီကီနဲ့မြန်မာဝီကီမှာ ဘာသာစကားတင်မဟုတ်ဘဲ အကြောင်းအရာ ပိုင်းဆိုင်ရာတွေလည်း ကွာခြားမှုရှိပါတယ်။ ဥပမာ- ဆေးပေါ့လိပ်ကို ဘယ်လိုလုပ်သလဲ၊ မြန်မာ့ရိုးရာနိမိတ်ကောက်ပညာ စတာတွေကို အင်္ဂလိပ်ဘာသာနဲ့ဝီကီမှာ သွားရှာလို့မရဘူး။ မြန်မာဝီကီမှာပဲ တွေ့နိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာရဲ့ခိုင်မာမှန်ကန်မှုဆိုတာကတော့ ၀ီကီမှာတင်ရင် အကိုးအကားတွေကိုဖော်ပြရပြီး တည်းဖြတ်စိစစ်မှုတွေလည်း ရှိပါတယ်" ဟု ကိုဇော်သက်အောင်ကပြောကြားသည်။

"၀ီကီမှာ ကိုယ့်ဘာသာစကားနဲ့အကြောင်းအရာတွေရှိနေမှုမှာ ထိုင်းကမြန်မာထက် ၁၂၈ ဆ သာလွန်မှုရှိ ပါတယ်။ တယ်လီနောအနေနဲ့ ၀ီကီကိုသုံးတဲ့အချိန်မှာ အင်တာနက်အသုံးပြုခ အခမဲ့ဖြစ်ရမယ်ဆိုတာရယ်၊ မြန်မာဝီကီမှာ ၀င်ရောက်ရေးသားနိုင်ဖို့ လိုအပ်တဲ့လေ့ကျင့်သင်ကြားမှုတွေကို အကူအညီပေးသွားမယ် ဆိုတာရယ် အသေအချာပြောနိုင်ပါတယ်" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Peter Furberg ကပြောကြားသည်။

လက်ရှိတွင် မြန်မာဝီကီပီးဒီးယား၌ ဆောင်းပါးပေါင်း ၃၁၉၉၁ ခန့်ရှိပြီး တည်းဖြတ်မှု စုစုပေါင်း ၄၇၁၂၄၊ အသုံးပြုသူ စုစုပေါင်း ၂၃၁၅၃၊ တည်းဖြတ်သူ ငါးဦး၊ ပုံပေါင်း ၃၇၃၀ ရှိကြောင်းသိရသည်။   

Eleven Media Group

No comments:

Post a Comment

My Blog List