Wednesday, July 16, 2014

ချင်းအမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲမှု ရုပ်သိမ်းရန် တောင်းဆို


အမျိုးသမီးများအကြမ်းဖက်ခံရမှုရပ်တန့်ရေး ဆန္ဒပြခဲ့တဲ့ ချင်းအမျိုးသမီး ခေါင်းဆောင်တွေကိုအာဏာပိုင်တွေ က တရားစွဲထားမှုကို ခြွင်းချက်မရှိ ရုပ်သိမ်းပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရေဇွာမှာ ဒေသခံအမျိုး သမီးတဦးကို အစိုးရတပ်သားတဦးက မတရားကျင့်ဖို့ ကြိုးစားမှုတခုဖြစ်ပွားခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေး၊ အမျိုးသမီးအခွင့်အရေးတွေအတွက် ဇွန်လ ၂၄ ရက်နေ့က ဦးဆောင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် ၆ ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးတို့ကို အစိုးရက တရားစွဲဆိုထားပြီး တရားစွဲဆိုမှုကို ပြန်ရုပ်သိမ်းပေးဖို့ ချင်းလူ့အခွင့်အရေးက ဒီကနေ့ ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးရဲ့ ပြောခွင့်ရသူ မိုင်သင်းယုမွန် က “အဓိကတော့ တရားစွဲဆိုခံထားရတဲ့ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၂ ဦးကို အမြန်ဆုံးတရားစွဲထားတဲ့ အမှုတွေကို ပြန်ရုပ်သိမ်းပေး စေချင်တယ်။ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေကို ပြစ်မှုကျူးလွန်တဲ့သူတွေကိုလည်း တရားမျှတစွာ အရေးယူပေးတာမျိုး ဖြစ်စေ ချင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအ၀င် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ထပ်မဖြစ်ပွားဖို့နဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်မချမှတ်တာတွေကိုလည်း အဆုံးသတ်ဖို့ တောင်းဆို ထားပါတယ်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေး၊ အမျိုးသမီးအခွင့်အရေးတွေ အတွက် ဇွန်လ ၂၄ ရက်နေ့က ဦးဆောင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် ဒေါ်ထန်ဇင်း၊ ဒေါ်ခင်လွှေပါးရ် နဲ့ မတူပီချင်း လူငယ်အဖွဲ့က ကိုမောင်းဟန်၊ ကိုတိတ်မန်းတို့ ၄ ဦးကို မတူပီရဲစခန်းက အမှုဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရေဇွာမှာ ဒေသခံအမျိုး သမီးတဦးကို အစိုးရတပ်သား တဦးက မတရားကျင့်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲဒီဖြစ်ရပ်မှာ အမျိုးသမီးက ပြန်ခုခံတဲ့အတွက် ဒဏ်ရာနဲ့ ဆေးရုံ တက်နေရပြီး ကျူးလွန်သူ တပ်သား ဘက်က ငွေကျပ် ၁ သိန်း နဲ့ ခေါက်ဆွဲခြောက် ၁၅ ထုတ်သာ အလျော်ပေး ညှိနှိုင်းခဲ့တဲ့
အတွက် အဲဒီထက် ကြီးလေးတဲ့ ပြစ်ဒဏ်ကို ချပေးဖို့ ချင်းအမျိုးသမီးအဖွဲ့က လိုလားနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List