Friday, July 18, 2014

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မေးခွန်းများဖြေကြားရာတွင် တိကျသည့်အဖြေနှင့် ကတိက၀တ်ဖြစ်စေသည့်ကိစ္စများကို ပြန်လည်ဖြေကြားရန် သူရဦးရွှေမန်း သတိပေး



စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကပိုင် ရေနံချက်ဖိုများနှင့်ပတ်သက်သည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် တိကျသည့် အဖြေနှင့် ကတိကဝတ်ဖြစ်စေသည့် ကိစ္စရပ်များကို ပြန်လည်ဖြေကြားပေးရန် စွမ်းအင်ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ အစိုးရအဖွဲ့အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သတိပေးတိုက်တွန်းပြောကြားသည်။
သူရဦးရွှေမန်းက နေပြည်တော်တွင် ဇူလိုင် ၁၇ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၏မေးခွန်းအား စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမြင့်ဇော်က ပြန်လည်ဖြေကြားမှု အပြီးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေရှိတဲ့အတွက် ဒီကိစ္စကိုရေရာတဲ့ အဖြေတစ်ခုပေး ထားဖို့ လိုပါတယ်။ အဲဒါမှမဟုတ်ဘူးဆိုရင် မရေမရာအဖြေပေးထားမယ်ဆိုရင် ဒီကနေပြီးတော့ နောက်ဆက် တွဲပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရေရာတဲ့အဖြေကို ပေးစေချင်ပါတယ်။ တကယ်လို့ ဒီနေ့ရေရာ တဲ့အဖြေ မပေးနိုင်ဘူးဆိုရင် မနက်ဖြန်မှာ ထပ်ပြီးလာပြီးတော့ လွှတ်တော်မှာ ရေရာတဲ့ အဖြေကို တိတိကျကျပေးဖို့ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က “မြန်အောင်မြို့နယ်၊ ငါးကတ်ကျေကျေးရွာအုပ်စုရှိ ယာမြေများပေါ်တွင် ပုဂ္ဂလိကပိုင်ရေနံချက်ဖို ၂၁ ခုရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် မည်ကဲ့သို့ အရေးယူပေးမည်ကို သိလိုပါတယ်”ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမြင့်ဇော်က “တိုင်းဒေသကြီးအစိုးရအနေဖြင့် တရားဝင်ဖွဲ့စည်းထားသော “ဧရာဝတီတိုင်းဒေသကြီး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း”သို့ ရေနံတစ်ပီပါလျှင် ကျပ် ၁ဝဝဝ နှုန်း ပေးသွင်းစေပြီး လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်းမှာလည်း တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်၊ ပညာရေးအပါအဝင် ဖွံ့ဖြိုးရေးများတွင် အသုံးပြု သော ဖောင်ဒေးရှင်းတစ်ခုဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်အား ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဖြေကြားသည်။

“နည်းပညာချို့တဲ့မှုကြောင့် ပြည်တွင်းဖြစ် ရေနံချက်ဖိုကြီးတွေဟာ လောင်စာ ထင်းကို အသုံးပြုရပါတယ်။ ဒီရေနံချက်ဖို ၂၁ ဖိုရဲ့ လောင်စာထင်းကျမှုဟာ တစ်နေ့ တစ်နေ့ကို ကုဗပေပေါင်း ၇၅၆ဝ ခန့် ကုန်နေတယ်။ တစ်လနှစ်လအတွင်းမှာ အနီးပတ်ဝန်းကျင်မှာ တောင်ကတုံးတွေ ဖြစ်သွားပါတယ်။ ဒီနေရာ အခြားအဖိုးတန်နှစ်ရှည်ပင် သစ်ပင်တွေများ ပြန်လည်စိုက်ပျိုးဖို့ အစီအစဉ်တွေရှိပါတယ်လို့ မရေမရာအကြောင်းပြချက်တွေကို ဒေသခံပြည်သူတွေက မယုံကြတော့ ပါဘူး။ ပိုပြီးဆိုးရွားတာက စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မြင့်က ဆိုသည်။

လက်ရှိတွင် အဆိုပါရေနံချက်ဖိုများအား လောင်စာထင်းများကို အသုံးမပြုဘဲ စပါးခွံ၊ ကျောက်မီးသွေးများကို အသုံးပြုရန် ညွှန်ကြားထားပြီး အရေးယူဆောင်ရွက်မှုအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွား ပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ညှိနှိုင်းအသိပေးအကြောင်းကြား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးမြင့်ဇော်က ရှင်းလင်းပြောကြားသည်။

“ကျွန်တော့်ဘက်က ပြောမယ်ဆိုရင်တော့ ဒီအဖြေသည် ကတိကဝတ်မဖြစ်သလို့ တစ်ဖက်ကလည်း မတိကျတဲ့အတွက် ဒါကိုပြန်ပြီး အဖြေပေးစေလိုပါတယ်။ဒါကို ကျွန်တော်လွှတ်တော်ကိုလည်း ဒီလိုပဲ တင်ပြချင်ပါတယ်။ ကျွန်တော်တို့မသိရင် ဘာမှမဖြစ်ပါဘူး။ သိလာတဲ့အတွက် သိတဲ့အပေါ် မူတည်ပြီးတော့ ထိုက်သင့်တဲ့ မေးခွန်း၊ မေးခွန်း အဖြေ၊ ဆောင်ရွက် မယ့်ကိစ္စတွေကို တိတိ ကျကျဖြစ်သွားမှပဲ အားလုံးအတွက် အဆင် ပြေမှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။ 


Eleven Media Group

No comments:

Post a Comment

My Blog List