တော်လှန်ရေးကောင်စီခေတ်မှာ မွေးလို့ မဆလခေတ်မှာ ကြီးပြင်း လာရပြီး ငယ်ငယ်ကတည်းက စာဖတ် ဝါသနာထုံလှတဲ့ နတ် တော်လဖွားမောင်မြတ်အတွက် အာဇာနည်နေ့နဲ့ပတ်သက်လာရင် စာအုပ်အနေနဲ့ ပထမဆုံးဖတ်ဖူး ခဲ့တာကတော့ လူထုဦးလှရေးတဲ့ ‘‘ထောင်နှင့်လူသား’’ ဆိုတဲ့ စာအုပ်ဖြစ် ပါတယ်။
မိဘများရဲ့ စာအုပ်စင်မှာရှိတဲ့ အဲဒီစာအုပ်ပါ အကြောင်းအရာတွေဟာ ဘယ် နှကြိမ် ပြန်ဖတ်ဖတ်မရိုးနိုင်တဲ့ စိတ်ဝင်စားစရာလူသားအချို့ရဲ့ အဖြစ်မှန် ဇာတ်လမ်းတွေပါ။
အထူးသဖြင့် အဲဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတုန်းက ယာဉ်မောင်းသူအဖြစ် ပါဝင်ခဲ့တဲ့ ‘သုခ’ရဲ့ အတွေ့အကြုံလည်းပါဝင်ပြီး အဲဒီအကြောင်းအရာဟာ စိတ်ဝင်စား စရာအကောင်းဆုံးဖြစ် ခဲ့ပါတယ်။ အဲဒီနောက် မောင်မြတ်အရွယ် ရောက်လာချိန်မှာ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ တရားသူကြီးချုပ် ဒေါက်တာမောင်မောင်ရေးတဲ့ စာအုပ်ကြီးကို ဖတ်ရပြန်ပါတယ်။ လုပ်ကြံမှုကြီးကို ရုံးတင်စစ်ဆေး ခဲ့တုန်းက ပါဝင်ခဲ့သူအားလုံးနဲ့ တရားခံတွေကို ဖမ်းဆီးခဲ့သူတွေရဲ့ ထွက်ဆိုချက်တွေ၊ တရားလို/ တရားခံလျှောက် လှဲချက်တွေနဲ့ ရုံးတော်ကသုံးသပ်ပြီး အပြစ်ပေးခဲ့ပုံ စတာတွေအကုန်အစင် ပြည့် ပြည့်စုံစုံပါဝင်တဲ့သမိုင်း မှတ်တမ်း တစ်စုံပါပဲ။
အဲဒီစာအုပ်နှစ်အုပ် ကြေ ကြေညက်ညက်ဖတ်ဖူးရုံနဲ့တင် ၁၉၄၇ ဇူလိုင် ၁၉ မနက်ကဖြစ်ရပ်ကို ကောင်းကောင်းကြီးမျက်စိထဲ မြင်ယောင်နေခဲ့ပါတယ်။ ပြီး တော့ မဆလခေတ်တစ်လျှောက် လုံးမှာလည်း ဒီနေ့နဲ့ပတ်သက်လာရင် ဇူလိုင်လရောက်လာတာနဲ့ အစိုးရသတင်းစာ၊ မဂ္ဂဇင်းတွေ ထဲမှာပါ ပါဝင်ပတ် သက်ခဲ့သူ ပေါင်းစုံက ပြောကြရေးကြတာ တွေလည်း အများကြီးဖတ်ခဲ့ဖူးပါ တယ်။ အခုခေတ်လို ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေမရှိပေမယ့် ရှိသမျှမဂ္ဂဇင်းတွေထဲမှာလည်း အာဇာနည်နေ့အကြောင်း အတော် များများ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ အာဇာနည်နေ့ဖြစ် ရပ်ကို ရုပ်ရှင်အသွင်နဲ့ ပြည့်ပြည့် စုံစုံပြန်လည် ဖန်တီးရိုက်ကူးပြတာ မျိုးတော့ ပြည်တွင်း၊ ပြည်ပ ဘယ်သူ့လက်ရာမှ မကြည့်ဖူးခဲ့ပါဘူး။ ဘယ်သူကမှလည်း ဒီအဖြစ်ဆိုးကြီးကို ပြန်ရိုက် ပြပါလို့ မတောင်းဆိုခဲ့ပါဘူး။ တစ်ခါတလေတော့ မြန်မာရုပ်ရှင်ကား တချို့မှာဖြစ်ဖြစ်၊ မှတ်တမ်း ရုပ်ရှင် မှာဖြစ်ဖြစ် ဒီအကြောင်းကို သဘောလောက်ထည့်ရိုက်ပြတာပဲ ကြည့်ဖူးပါတယ်။ ဥပမာ အတွင်းဝန်ကြီး ကိုပြမယ်၊ ဂျစ်ကားတစ်စီးရပ်လာတာပြမယ်၊ ပြေး ဆင်းလာတဲ့ စစ်ဖိနပ်တွေပြမယ်၊ လှေကားထစ်တွေပေါ် တက်တာ ပြမယ်၊ သူသတ်တွေကိုင်တဲ့လက် နက်တော်မီဂန်းနဲ့ စတင်းဂန်းရယ်လို့ သိသာရုံလေးပြမယ်၊ နောက် တော့ သေနတ်သံတွေထွက်လာပုံ၊ ကျီးကန်းတွေ၊ ခိုတွေ လန့်ပျံသွားပုံလောက်ပြမယ် ဒီလောက် ပါပဲ။ မြန်မာမှန်ရင် ဒီလောက်ဆို သဘောပေါက်သွားပါပြီ။
ဒီလိုနဲ့ ဒီဘက်ခေတ်မှာတော့ အာဇာနည်နေ့ဖြစ်ရပ်ကို ပထမဆုံးအကြိမ် ကွက်ကွက်ကွင်းကွင်း ထည့်ရိုက် ထားတဲ့ နိုင်ငံခြားရုပ်ရှင်တစ်ကား ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလောက်ဆိုအားလုံးသိ လောက်ပါပြီ။ အဲဒါ ကတော့ မြန်မာပြည်ကို တရားဝင်တင် သွင်းပြသခြင်းမရှိခဲ့ပေမယ့် ကော်ပီချပ်တွေကျေးဇူးနဲ့ အတော်များ များ ကြည့်ဖူးခဲ့လောက်ပြီဖြစ်တဲ့ The Lady ရုပ်ရှင်ကားဖြစ်ပါ တယ်။ ပြင်သစ်ဒါရိုက်တာ Luc Besson ရိုက်တဲ့ဒီရုပ်ရှင်ကားဟာ ကမ္ဘာကျော် မလေး-တရုတ်မင်း သမီး မီရှဲလ်ယိုကို ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် စေခဲ့သလို ပေါင်စတာလင် ၂၂ သန်း (ဒေါ်လာ ၃၇ သန်း) အကုန် အကျခံပြီး ပြင်သစ်-အင်္ဂလိပ်နှစ် နိုင်ငံပူးတွဲထုတ်လုပ်ခဲ့တာမို့ အင်အားမသေး လှတဲ့ ဖန်တီးမှုပါ။ နှိုင်းပြရရင် ကိုးရီးယား နာမည်ကြီး မင်းသားရိန်းခေါင်းဆောင် ပါဝင်တဲ့သူတို့လေတပ်စွန့်စားခန်းရုပ်ရှင် R2B ဆိုတာကို F-15 တိုက်လေယာဉ် အစစ်တွေ၊ ဘာတွေသုံးပြီး ရိုက်တာတောင် ဒေါ်လာ ရှစ်သန်းပဲကုန်ပါတယ်။
ဒါပေမဲ့ ငွေအတော်အကုန်ခံထားတဲ့ Luc Besson ရဲ့ ရုပ်ရှင်ကားဟာ စစချင်းမှာပဲပါတဲ့ ၁၉ ဇူလိုင်လုပ်ကြံမှု ဇာတ်ကွက်နဲ့ တင် မောင်မြတ်တို့လို စာဖတ် ထားတဲ့ မြန်မာတွေအတွက်တော့ စိတ်ပျက်စရာကောင်းလှ ပါတယ်။ ဖတ်ဖူးသမျှ အဲဒီလိုကြမ္မာငင်တဲ့ နေ့မှာ ဗိုလ်ချုပ်ဝတ်ခဲ့တာက မြန်မာဝတ်စုံပါ။ ရွှေဖလားရောင် ဘန်ကောက်ပုဆိုးနဲ့ မန္တလေးပိုး တိုက်ပုံအကျအနဝတ်ထားခဲ့တာ။ Luc Besson ကတော့ သူ့သရုပ် ဆောင် ဗိုလ်ချုပ်ကို စစ်ဝတ်စုံဝတ်ပြီးအတွင်းဝန်ရုံးထဲ ထည့်ထားပါတယ်။ အဲဒီနောက် လူသတ် သမားတွေလာ တယ်။ ဂျစ်ကား နံပါတ် RC-1814 ကတော့ မှန်တယ်။ ဆိုးတာက အတွင်းဝန်ရုံး ရောက်တော့ စစ်ဌာနချုပ် တစ်ခုလို လက်နက်ကိုင်စစ်သားတွေ အများကြီးရှိနေ တော့တာပါပဲ။ ပိုဆိုးတဲ့ကိစ္စက အတွင်းဝန်ရုံး စောင့် အဲဒီစစ်သားတွေဟာ AK အုပ်စုလက်နက်ငယ်တွေကို ကိုင် ထားလေရဲ့။
တကယ်တော့ ဆိုဗီယက်ရုရှ က ကလာနီကော့ရှ်ဗ်ဆိုသူ ဒီဇိုင်းထုတ်တဲ့ AK-47 ဆိုတဲ့ မောင်း ပြန်သေနတ် ဟာ ၁၉၄၈-၄၉ လောက်ကမှ စထွင်ခဲ့ပြီး ကမ္ဘာကို ပျံ့နှံ့နာမည်ကြီးလာခဲ့တာတော့ ၁၉၆၀ အလွန် ဗီယက်နမ်စစ်ပွဲ ကာလလောက် ကမှပါ။ ၁၉၄၇ ဆိုရင် ဆိုဗီယက်မှာတောင်နမူနာ မထုတ်နိုင်သေးတဲ့ အဲဒီ AK သေ နတ်တွေ မြန်မာနိုင်ငံရန်ကုန်မြို့ အတွင်းဝန်ရုံးဆီ ဘယ်လိုရောက် နေသလဲဆိုတာ Luc Besson အဖြေပေးသင့်ပါတယ်။ မြန်မာ နိုင်ငံရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့များမှာ ရော တခြားလက်နက်ကိုင်များမှာပါ အဲဒီကာလနဲ့ နောက်ပိုင်း တော်တော်ကြာတဲ့အထိ ဒုတိယ ကမ္ဘာစစ် လက်ကျန်လက်နက် ငယ်များသာ သုံးစွဲခဲ့ကြတာဖြစ် ပြီး ၁၉၆၀ နောက်ပိုင်းမှသာ AK-47, M-16, G-3 စတဲ့ခေတ်မီ မောင်းပြန်ရိုင်ဖယ်များ တဖြည်း ဖြည်းရောက်ရှိသုံးစွဲလာတာဖြစ် ပါတယ်။ ၁၉၄၇ အချိန်က မဟာ မိတ်သုံးမောင်းပြန်လက်နက်ငယ် ထဲမှာ အမေရိကန်လုပ်တော်မီ ဂန်းနဲ့ အင်္ဂလိပ်လုပ်စတင်းဂန်းတို့ နာမည်ကြီးပြီး ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့ တာလည်း အဲဒီလက် နက်မျိုးတွေနဲ့ပဲ ဖြစ်ပါတယ်။
လုပ်ကြံသူအဖွဲ့မှာ စုစု ပေါင်းငါးယောက်ပါပြီး ကားပေါ်မှာ စတင်းဂန်းနှစ်လက်နဲ့ တော်မီ ဂန်းသုံးလက်ပါ ပါတယ်။ ကားရပ် တော့ ယာဉ်မောင်း(သုခ)က ကားထဲ နေရစ်တာမို့ လေးယောက် အပေါ် တက်သွားပါ တယ်။ တော် မီဂန်းသုံးလက်နဲ့ စတင်းဂန်းတစ် လက်ကိုင်သွားပြီး ကားထဲစတင်း တစ်လက်ထားခဲ့ပါတယ်။ Luc Besson ရဲ့ ရုပ်ရှင်ထဲမှာတော့ လုပ်ကြံသူက သုံးယောက်တည်းပါ။ အစည်း အဝေးခန်းဝမှာလည်း လက်နက်ကိုင်နှစ်ယောက်စောင့် နေပြန်ပါသေးတယ်။ AK-47 ကြီးတွေပဲ ထင်ထင်ရှားရှားလွယ် လို့ အလွန်အရုပ်ဆိုးလှတဲ့ လွဲ ချော်မှုပါ။ လုပ်ကြံသူတွေ တက်လာတော့ အချိန်းအချက်နဲ့မို့ အစောင့် နှစ်ယောက်က ရှောင်ထွက်သွားပေးတာကို ထားလိုက်ပါတော့ ဒါမျိုးက Dramatic License သဘောအရ နားလည် နိုင်ပါတယ်။
အစည်းအဝေးခန်းထဲ ဝင်သွားပါပြီ။ လုပ်ကြံသူတစ် ယောက်က ဗိုလ်ချုပ်နဖူးကို ပစ္စတိုတစ်လက်နဲ့ ချိန်လိုက်ပါသတဲ့။ ဒါလည်း လွဲချော်မှုပါ။ တကယ့်ဖြစ်စဉ်မှာ လုပ်ကြံသူတွေ ပစ္စတိုတစ်လက်မှမကိုင်ခဲ့ပါ။ အလွတ်ရနေတဲ့ဖြစ်စဉ်ထဲမှာ သူတို့ဝင်လာတော့ ဗိုလ်ချုပ်ထိုင်နေလျက်ဖြစ်ပြီး ထရပ်လို့တစ်ခုခု ပြောဖို့ ကြိုးစားတာနဲ့ စပစ်တာပါ။ Luc Besson ရဲ့ ရုပ်ရှင်မှာတော့ သူ့ဗိုလ်ချုပ်က အခန်းဝ ကျောပေး ရပ်နေပြီး လှည့်ကြည့်လို့လုပ်ကြံ သူတွေမှန်းလည်းသိရော မျက်စိမှိတ်ပေးလိုက်ပြီး နဖူးကိုပစ္စတိုနဲ့ တေ့ပစ်ခံလိုက် ရပါတယ်။ ခပ်ညံ့ညံ့အက်ရှင် ကားတစ်ကားလိုလုပ်ချသွားတာ ဘယ်လိုမှခံစားမရဘဲကြည့်ရင်းနဲ့ ဒေါသတောင် ထွက်မိပါတယ်။
လွဲချက်တွေကတော့ အာဇာနည်နေ့တင်မဟုတ်။ ၈၈ အရေးတော်ပုံဖြစ်နေတုံး ဗျာများ နေတဲ့ အာဏာပိုင် ဘဘကြီးကိုပြ တော့လည်း ဗိုလ်ချုပ်မှူးကြီးအပွင့် တပ်ယူနီဖောင်းကြီးဝတ်လိုဝတ်၊ သူတို့ကြံစည် စည်းဝေးပုံ တွေပြ တော့လည်း ဖဲသုံးချပ်သမား လောက်တောင် အဆင့်မရှိတဲ့ ပုံမျိုးပြလေတော့ သူတို့လက်က လွတ်အောင်မလုပ်နိုင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကိုပါ အရည်အချင်းနည်းပါး ရာရောက်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုထောက်ခံအားပေး သူတွေ ကြိုးစားရုန်းကန်ရတာတွေ၊ ဖိနှိပ် ခံရတာတွေ အတန်အသင့်ပေါ်လွင်ပေမယ့် ဖိနှိပ်သူအာဏာရှင် အုပ်စုဘက်ကို သရုပ်ဖော်တဲ့နေရာမှာတော့ ကလေး ကလားဆန်ဆန် ပေါ့တီးပေါ့ပျက်နိုင် လွန်းတယ်။ မီရှဲလ်ယိုကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ က အထိုက်အလျောက်ဝင်ခံစား စာနာနိုင်တာကလွဲလို့ Luc Besson နဲ့ ထုတ်လုပ်သူတွေကိုတော့ အင်မတန်အထင်သေးမိပါတယ်။
လွဲချော်မှုကြီးကြီးတွေရော သေးသေးတွေပါ အများကြီးရှိတဲ့အထဲက ခပ်သေး သေးတစ်ချက် လောက် ထပ်ပြောရရင် နဝတအစိုးရခေတ် ဧရာဝတီတိုင်းဖြစ်စဉ်မှာလည်း စစ်သည်တစ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိပ်တိုက်တွေ့တဲ့အခန်းမှာ စစ်သား တွေက HK-33 နဲ့ AK-47 သေ နတ်တွေကိုင်စွဲထားပြန်ပါတယ်။ မြန်မာစစ်တပ်သုံးပြည်တွင်းဖြစ် G-3 သေနတ်အစစ်မရနိုင်ရင် တောင်မှ ပုံစံတူ သေနတ်တုလုပ်ဖို့ ထည့်ရိုက်သင့်ပေမယ့် ဒီဇိုင်းဆင်တူတဲ့ HK-33 သေနတ်တွေပဲထည့်သုံးသွားတာ ပထမတန်းစား ဒါရိုက်တာ တို့ရဲ့ လုပ်ရပ်မဟုတ်ပါ။ ကမ္ဘာကျော်ဇာတ် ကားတွေမှာဆိုရင် ဘယ်ခေတ် ဘယ်ကာလလက်နက်ဖြစ်ဖြစ် ပုံစံတူအတိအကျလုပ်ဖန်တီးပြီး ထည့်သွင်းရိုက်ကူးတတ်ကြပါတယ်။ Luc Besson ကတော့ ဒေါ်အောင်ဆန်း စုကြည်အိမ်ကို တောင်အရောက်လာခဲ့ပြီး ခြံနံပါတ် ၅၄ ကိုသာ အသွင်တူလုပ်ပြဖို့ အာရုံစိုက်ခဲ့ပုံပေါ် ပါတယ်။
တကယ်တော့ Luc Besson ဟာ Leon: The Professional (1994), The Fifth Element (1997), The Messenger: The Story of Joan of Arc (1999) တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပြီး Epic ခေါ် မော်ကွန်းရုပ်ရှင် မျိုးနဲ့ Biopic genre ခေါ် အထ္ထုပ္ပတ္တိနောက်ခံရုပ်ရှင်ကားမျိုးတော့ ရိုက်ကူးဖူးတဲ့အတွေ့ အကြုံမရှိ ပါဘူး။ စစ်သမိုင်း နောက်ခံရုပ်ရှင်ကားမျိုးတောင် မရိုက်ဖူးဘဲ Fiction Movie တွေ သာဖန်တီးခဲ့ဖူးသူတစ်ယောက်ကို The Lady ရိုက်ဖို့တာဝန်ပေးခဲ့ မိတာကိုက အမှားတော်ပုံတစ် ရပ်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အင်မတန်အားနာတတ်တဲ့ ကိုရွှေ မြန်မာတွေက ဒီရုပ်ရှင်ကြည့်ကြပြီး အချိန် တော်တော်ကြာခဲ့တာ တောင်မှအားမရတာ၊ သဘောမတူတာတွေ တရားဝင်ပြောသံ မကြားရဘဲ မဆိုးပါ ဘူးလို့ ဖော်လိုလိုက်တတ်ကြတာမို့ မောင်မြတ် ကတော့ မြင်တဲ့အတိုင်း တင်ပြလိုက်တာဖြစ်ပါတယ်။
ဇူလိုင်လရောက်လေတိုင်း တော့ အာဇာနည်နေ့ဖြစ်ရပ်တွေ ပြန်ပြောင်းရေးကြ ပြောကြတာ တွေ ဖတ်ရ ကြားရမှာ ထုံးစံပါပဲ။ အခုအချိန်ထိ အာဇာနည်နေ့ဖြစ် စဉ်ကို ထည့်သွင်းရိုက်ကူးထားတဲ့ တစ်ခုတည်းသော ရုပ်ရှင်ကားဖြစ် ပါလျက်နဲ့ The Lady ဟာ ပြန်ကြည့်မိတိုင်း နိဒါန်းမှာပဲ စိတ်အနှောင့်အယှက်ပေးပါတယ်။
ဖန်တီးမှုအနုပညာအား ကောင်းပြီး သမိုင်းနောက်ခံ အချက်အလက်တွေလည်း မှန်ကန်တဲ့ရုပ်ရှင်ကား မျိုးတွေဆိုရင် တော့ နှစ်ဘယ်လောက်ကြာမြင့် သည်ဖြစ်စေ ပြန်ကြည့်ပြီး မရိုး နိုင်အောင် ခံစားရပါ လိမ့်မယ်။
အဲဒီလို ပြန်ကြည့်ပြီး တသသဖြစ် နေရမယ့်အထဲ The Lady ရုပ်ရှင် ကားမပါ နိုင်တာကတော့ စိတ်မကောင်းစရာပါပဲ။ နောင်ဆိုရင်လည်း မြန်မာတို့နဲ့ပတ်သက်လို့ နိုင်ငံတကာက သရုပ်ဖော်တဲ့ အနု ပညာဖန်တီးမှုတွေမှာ အနည်းဆုံး အားဖြင့် သမိုင်းကြောင်းအချက် အလက်ရေးရာတွေ လွဲချော်မှု မဖြစ် ရလေ အောင် ဘယ်လိုများ ကြံဆောင်နိုင်မှာပါလိမ့်လို့ (၆၇) နှစ်မြောက်အာဇာနည်နေ့ အကြို ရက်များမှာ တွေးတောနေမိပါ တော့တယ်။။
7Day News Journal
No comments:
Post a Comment