Thursday, July 17, 2014

အာဇာနည်နေ့တွင် ဥသြဆွဲပြီး ငြိမ်သက်စွာအလေးပြုရန် ကျောင်းသား သမဂ္ဂများနှင့် အခြားလူမှုအဖွဲ့အစည်းများ ရန်ကုန်မြို့အနှံ့ စတစ်ကာများ လိုက်လံဖြန့်ဝေ



ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် ၆၇ နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ နေရာအနှံ့အပါအဝင် နယ်မြို့များတွင် ဥဩဆွဲပြီး ငြိမ်သက်စွာ အလေးပြုရန် ကျောင်းသားသမဂ္ဂများနှင့် အခြားလူမှုအဖွဲ့အစည်းများ ဇူလိုင် ၁၆ ရက်ကစ၍ ရန်ကုန်မြို့အနှံ့ စတစ်ကာများ စတင်ဖြန့်ဝေ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။
အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့မှ ကိုဇင်ကိုက“ကျွန်တော်တို့ ဒီအစီအစဉ်ကို မနှစ်ကအတိုင်းပဲလူစည်ကားရာနေရာတွေ မှာ စတစ်ကာတွေလိုက်ဖြန့်ပြီး လှုံ့ဆော်သွားမှာပါ။ စတစ်ကာ အရေအတွက်ကတော့ ခုနစ်ထောင် ရိုက်ထားပါတယ်။စတစ်ကာဒီဇိုင်းကတော့ မနှစ်ကလိုပါပဲ။ အကြိမ်အရေအတွက်ပဲ ပြောင်းရေးထားတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးပုံလေးနဲ့ စတစ်ကာက လူသိများသွားတယ်။ ဘာပဲပြောပြော ဒီနှစ်အစီအစဉ်ကလည်း မနှစ်ကလိုပဲ အောင်မြင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။

အာဇာနည်သို့ ဦးညွှတ်သူများ အဖွဲ့အစည်းသည် ရန်ကုန်မြို့ရှိ လူမှုအဖွဲ့ အစည်းများမှ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အာဇာနည်နေ့ကို လူထုပါဝင်မှု ပိုမိုများပြားလာစေရန် ယင်းကဲ့သို့ စတစ်ကာများဖြန့်ဝေခြင်း ဖြစ်ကာ ယင်းနေ့ တွင် မြေနီကုန်း၌ စုရပ်အဖြစ် သတ်မှတ်ပြီး ဥဩဆွဲ အလေးပြုကြမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကျောင်းသားသမဂ္ဂများမှ ကျောင်းသား/သူများကလည်း ဇူလိုင် ၁၆ ရက်တွင် ကျောင်းအတွင်း၌ စတစ်ကာများ ဖြန့်ဝေခြင်းနှင့် ရန်ကုန်မြို့တွင်း အနှံ့တွင် ဥဩဆွဲအလေးပြုရန် စတစ်ကာများစတင် ဖြန့်ဝေမှုများပြုလုပ် ခဲ့ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုပိုင်ရဲသူက ဆိုသည်။

၎င်းက“ကျွန်တော်တို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ အခြားကျောင်းကသမဂ္ဂတွေ အားလုံးပေါင်းပြီး ဒီအစီအစဉ်ကို လုပ်ဖြစ်တာပါ။ နယ်တွေအပါအဝင် စတစ်ကာ ခြောက်သောင်းဖြန့်ဝေသွားပါမယ်။လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အာဇာနည်နေ့မှာဥဩဆွဲ အလေးပြုဖို့ အစိုးရက ပျက်ကွက်တဲ့အတွက် ပြည်သူလူထုတွေ က ကိုယ့်အစီအစဉ်နဲ့ကိုယ် ဥဩဆွဲပြီး အလေးပြုဖို့အတွက် ကျွန်တော်တို့ ကျောင်းသားတွေက ပူးပေါင်း လှုံ့ဆော်တာပါ” ဟု ပြောကြားသည်။

ယမန်နှစ်က ကျရောက်ခဲ့သည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ မတိုင်မီကလည်း ကျောင်းသားများက အခြားလူမှု အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အာဇာနည်နေ့တွင် ဥဩဆွဲအလေးပြုရန်နှင့် ငြိမ်သက်စွာအလေးပြုရန် စတစ်ကာ များဖြင့် ဖြန့်ဝေစည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List