Thursday, July 17, 2014

ဖိလစ်ပိုင်တွင် Rammasun မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး အနည်းဆုံး(၁၀)ဦးသေဆုံး


ဖိလစ်ပိုင် နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း Rammasun ဝင်ရောက်တိုက်ခတ်ရာ အနည်းဆုံး လူ(၁၀)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်(၁၆)ရက်နေ့တွင် မနီလာမြို့တော် တောင်ပိုင်းကို ဖြတ်ကျော်ခဲ့သည့် မုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ကြုံဖူးသမျှ အင်အားအပြင်းဆုံး တိုင်ဖွန်းလည်း ဖြစ်လာသည်။ လူဇုန်ကျွန်းကို မုန်တိုင်း ဖြတ်သန်းသွားစဉ် အတောအတွင်း သစ်ပင်များ ပြိုလဲကာ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။ မနီလာတွင်လည်း ကျောင်းများ၊ ဆိုင်များကို ပိတ်ထားရသည်။

Rammasun မုန်တိုင်းကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်ကုန်ရာ မနီလာမြို့တော် အစိတ်အပိုင်း အတော်များများတွင် လျှပ်စစ်မီး မရရှိတော့ချေ။ အာဏာပိုင်များက လူပေါင်း (၃၇၀၀၀၀)ကျော်ကို ဘေးလွတ်ရာသို့ ယာယီ ရွှေ့ပြောင်းထားရန် ကြိုတင် တိုက်တွန်းထားခဲ့သည်။

ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီ အမှုဆောင် ဒါရိုက်တာဖြစ် သည့် ရေတပ်သနောပတိ အလက်ဇန္ဒား ပါးမားနှင့် အဝေးပြေးလမ်းမများ လုံခြုံရေးဌာန အတွင်းရေးမှူး ရိုဂီလီယို ဆင်ဆွန်တို့သည် မုန်တိုင်းဒဏ်သင့် ဒေသများကို ရဟတ်ယာဉ်ဖြင့် လှည့်ပတ် စစ်ဆေးခဲ့သည်။

“အသေအပျောက်၊ အထိအခိုက် ပမာဏကို အနည်းဆုံး လျှော့ချနိုင်တဲ့ အခြေအနေကိုပဲ ကြံဖန် ကျေးဇူးတင်ရလိမ့်မယ်”ဟု ဆင်ဆွန်က ဆိုသည်။ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အင်အားပြင်းထန်စွာ တိုက်ခတ်ခဲ့သည့် စူပါတိုင်ဖွန်း မုန်တိုင်းကြီး Haiyan ၏ ဒဏ်မှ နာလန်ထစ ဒေသအချို့သည် ယခုတစ်ဖန် Rammasun ၏ ဒဏ်ကို ထပ်ဆင့် ခံစားခဲ့ရသည်။

ဇူလိုင်(၁၅)ရက်က အရှေ့ဘက် ကမ်းခြေကို Rammasun ၏ လေပြင်းများ စတင်မွှေနှောက် တိုက်ခတ် လာချိန်တွင် ဓာတ်တိုင်ကျိုးကျပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ကွီဇွန်မြို့တွင်လည်း အိမ်နံရံ ပြိုကျရာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့သေးသည်။

မုန်တိုင်းကြောင့် မနီလာလေဆိပ်ကိုလည်း (၄)နာရီကြာ ပိတ်ထားရပြီး ခရီးစဉ် (၄၀၀)ခန့်ကို ရွှေ့ဆိုင်း ဖျက်သိမ်းခဲ့ရသည်။ မုန်တိုင်းကြောင့် လွင့်ပါလာသည့် အစအနများ ထိမှန်သဖြင့် လေဆိပ်တွင် ရပ်ထား သည့် ခရီးသည်တင် လေယာဉ်နှစ်စီးမှာလည်း အပျက်အစီး အနည်းငယ် ရှိခဲ့ကြောင်း သိရှိရသည်။

Ref: Reuters
7Day News Journal

No comments:

Post a Comment

My Blog List