Tuesday, July 15, 2014

မဲဆောက်တွင် လူကုန်ကူးဂိုဏ်းနှင့် မြန်မာ ၃၄ ဦး အဖမ်းခံရ


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ တရားဝင် အထောက်အထားမရှိဘဲ ဘန်ကောက်ကို သွားဖို့ ပြင်ဆင်နေတဲ့ မြန်မာ ၃၄ ဦးနဲ့ သူတို့ကို ခေါ်ဆောင်လာသူ လူကုန်ကူး ဂိုဏ်းတခုကို ဖမ်းဆီးရမိ တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကြိုတင်သတင်းရထားချက်အရ ထိုင်းစစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ဇူလိုင် ၁၅ ရက်နေ့ မနက်မှာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် အိမ်အမှတ် ၃၉၄ / ၆ ကို ၀င်ရောက် စောင့်ဆိုင်း ဖမ်းဆီးခဲ့ တာလို့ တာဝန်ရှိရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အာဏာပိုင်တွေဟာ အိမ်ဝင်းအပြင်ဘက်ကနေ ကိုယ်ယောင်ဖျောက် စောင့်ဆိုင်းနေခဲ့ပြီး ခဏအကြာ ကား ၂ စီး ရောက်ရှိလာကြောင်း၊ ကားသမားတဦးက အိမ်နောက်ဖေးဘက် ပတ်ဝင်ပြီး လေချွန်သံ အချက်ပေး လိုက်တဲ့အခါ တံခါး လာဖွင့်ပေးကြောင်းနဲ့ တာဝန်ရှိသူတွေလည်း ၀င်ရောက် စစ်ဆေးရာမှာ အိမ်ထဲမှာ နေထိုင်ခွင့် အထောက်အထားမရှိသူ မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းမိတယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။

ဆက်လက်စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကို အလုပ်သွား လုပ်ဖို့ အဲဒီအိမ်မှာ လာစောင့်နေတာ ဖြစ်ကြောင်း၊ ကား ၂ စီးနဲ့ ခရီးသွားဖို့ ဖြစ်ပြီး လူတဦးကို ဘတ် ၁ သောင်း ၃ ထောင်နှုန်း ပေးရတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားမ၀င် ၀င်ရောက်သူ မြန်မာ ၃၄ ဦးကိုရော ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးနဲ့ အိမ်ရှင် ၂ ဦး တို့ကိုပါ လိုအပ်သလို ဆက်လက်အရေးယူဖို့ မဲဆောက်မြို့နယ် လ၀ကရဲစခန်းမှာ ထိန်းသိမ်း ထားတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

DVB

No comments:

Post a Comment

My Blog List