Monday, July 14, 2014

ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေး ကမ်းတက်တပ်များ ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်


အစ္စရေးက ဂါဇာဒေသသို့ လေကြောင်းမှ တိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်လျက် ရှိရာတွင် ယခုအခါ လက်ရှိ ပဋိပက္ခအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ်းတက်တပ်များ ဝင်ရောက်ပြီး ဟားမတ်စ်ကို တိုက်ခိုက် သွားခဲ့ကြောင်း အစ္စရေး ပြည်သူ့ရေဒီယိုက သတင်းထုတ်ပြန်သွားခဲ့သည်။

ခဏတာ ယင်းသို့ ကျူးကျော် ဝင်ရောက်မှုသည် ဒုံးကျည်ပစ်စင် တစ်ခုကို ပစ်မှတ်ထားခြင်း ဖြစ်ကာ ဟားမတ်စ်ဘက်မှလည်း အစ္စရေး ကွန်မန်ဒိုများနှင့် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများ တိုက်ပွဲဖြစ်ခဲ့ကြ သည်ဟု အတည်ပြု ပေးထားသည်။

အစ္စရေး စစ်သားလေးဦး အသေးစား ဒဏ်ရာများ ရရှိသွားကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦး က ပြောကြားသွားခဲ့သည်။

“စစ်ဆင်ရေးအတွင်းမှာ သေနတ်ပစ်ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စခန်းချရာ နေရာ တစ်ခုမှာ စခဲ့တာပါ။ အစ္စရေး စစ်သားလေးဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်” ဟု စစ်တပ်ပြောခွင့်ရ အရာရှိက အတည်ပြုသွားခဲ့သည်။

“ကျွန်တော်တို့ဘက်က တိုက်ခိုက်ရေးသမားတွေနဲ့ ဇီယွန်ဝါဒီ စစ်သားတွေ တိုက်ခိုက်ခဲ့ကြပါတယ်။ ဇီယွန်ဝါဒီတွေက ကျွန်တော်တို့ နယ်မြေထဲကို ထိုးဖောက်ဖို့ ကြိုးစားကြတာပါ” ဟု ဟားမတ်စ်ဘက်မှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် သီတင်းပတ် အင်္ဂါနေ့က စတင်ခဲ့သော အစ္စရေးစစ်တပ်၏ ထိုးစစ်တွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ပါလက်စတိုင်း မြေပြင်ပေါ်သို့ အစ္စရေး စစ်သားများ ပို့ဆောင်တိုက်ခိုက်စေခြင်း ဖြစ်သည်။

အစ္စရေး လူငယ်လေးသုံးဦး ပြန်ပေးဆွဲပြီး အသတ်ခံလိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက် တင်းမာခဲ့ကာ ပါလက်စတိုင်း လူငယ်တစ်ဦး ပြန်လည် အသတ်ခံရပြီးနောက် တင်းမာမှုက အဆုံးစွန်အထိ ရောက်သွားခဲ့သည်။

ပါလက်စတိုင်း ဟားမတ်စ်က အစ္စရေး နယ်မြေထဲသို့ ရော့ကက်များ လှမ်းပစ်နေခဲ့ပြီး အစ္စရေး လေတပ် ကလည်း တိုက်လေယာဉ်များဖြင့် ဂါဇာရှိ ဟားမတ်စ်တို့ ခိုအောင်းရာ နေရာများကို တိုက်ခိုက်ခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသတွင် သေဆုံးသူ ၇၆ ဦးကျော် ရှိသွားပြီ ဖြစ်ပြီး နောက်ဆုံးအကြိမ် ကော်ဖီဆိုင် တစ်ဆိုင်ကို တိုက်ခိုက်ခဲ့မှုတွင် ကလေးနှင့် အမျိုးသမီး တော်တော်များများ သေဆုံးသွားခဲ့သည်။

အမေရိကန်သမ္မတက အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကို တယ်လီဖုန်းဆက်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး အတွက် ဝင်ရောက် ကူညီပေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List