Thursday, July 17, 2014

အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲထားသည့် Bi မွန်းတည့်နေဂျာနယ်မှ ငါးဦးကို ဇူလိုင် ၂၂ နှင့် ၂၃ ရက်တွင် ရုံးထုတ်မည်


ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ်တင် မြှောက်ကြောင်း MDCF အဖွဲ့၏ ထုတ်ပြန်ချက်ကို ရေးသားဖော်ပြခဲ့သည့် Biမွန်းတည့်နေဂျာနယ်မှ သတင်းထောက်၊ အမှုဆောင် အယ်ဒီတာနှင့် အယ်ဒီတာ စုစုပေါင်း ငါးဦးကို ဇူလိုင်လ ၂၂ ရက် နှင့် ၂၃ရက်တို့တွင် ပန်းပဲတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဟု အကျိုးတော်ဆောင်ရှေ့နေ ဦးရောဘက်စန်းအောင်က မဇ္ဈိမကို ပြောသည်။

MDCF၏ ထုတ်ပြန်ချက်ကို ဖော်ပြကာ သတင်းရေးသား၍ အာမခံ မရသည့် ပုဒ်မဖြင့် တရားစွဲဆိုခံ ထားရသည့် Bi မွန်တည့်နေ အပတ်စဉ်ဂျာနယ်မှ အမှုဆောင် အယ်ဒီတာနှစ်ဦး၊ တာဝန်ခံ အယ်ဒီတာ တစ်ဦးနှင့် အကြီးတန်း သတင်းထောက်တစ်ဦး အပါအဝင် ငါးဦးတို့အား အများပြည်သူ အထိတ်တ လန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုများဖြင့် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ-၅(ဃ)/(ည)တို့ဖြင့် ရဲသတင်းအထူးတပ်ဖွဲ့က ဇူလိုင်လ ၁၃ ရက်က တရားစွဲဆိုထား ခဲ့သည်။

“၂၂၊ ၂၃ ကို ရုံးထုတ် စစ်ဆေးမှာပါ။ ဥပဒေက ပြဿနာပါ။ ဒီပုဒ်မတွေနဲ့ တရားမစွဲသင့်ပါဘူး။ အခုစွဲဆိုထားတဲ့ ပုဒ်မတွေက အမြင့်ဆုံး ၇နှစ် ထောင်လို့ရပြီး အနည်းဆုံး ဒဏ်ငွေနဲ့ ထောင်ဒဏ် ၁ ရက်ချမှတ်လို့ရတဲ့ ပုဒ်မတွေပါ ”ဟု ဦးရောဘက်စန်းအောင်က ပြောသည်။

Bi မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က “ အမှုနဲ့ပတ်သတ်ပြီး လိုအပ်တာ တွေ ကိုတော့ ဆောင်ရွက်နေပါတယ်။ ကျန်တာတွေကတော့ ဘာမှပြောလို့ မရသေးပါဘူး။ ရှေ့နေ ဦးရောဘက် စန်းအောင်နဲ့ တိုင်ပင်ဆွေးနွေးနေတာပါ။ ဒီတစ်ပတ်ကိုလည်း ဂျာနယ် ပြန်ထွက်ဖို့လုပ်နေပါတယ်”ဟုပြော သည်။

ဇူလိုင်လ ၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် Bi မွန်းတည့်နေဂျာနယ် တွင် ဖော်ပြခဲ့သည့် သတင်းသည် စာဖတ်သူများကို ထင်ယောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနှင့် အများပြည်သူအကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်၍ မွန်းတည့်နေဂျာနယ်မှ တာဝန်ရှိသူ ငါးဦးကို ကို ဇူလိုင်လ ၈ ရက် နံနက်က ခေါ်ယူစစ်ဆေးမှု များပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List