မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပီပြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် Securities Company နှစ်ဆယ်ကျော်ခန့် လိုအပ်နေပြီး မြန်မာနိုင်ငံတွင် ကုမ္ပဏီနှစ်ခုသာ ရှိနေသေးသည်။“စတော့အိတ်ချိန်း ပီပီပြင်ပြင် အကောင်အထည် ပေါ်ပေါက်ဖို့ဆိုရင်တော့ Securities Company တစ်ခု၊ နှစ်ခုလောက်နဲ့တော့ မကောင်းနိုင်ပါဘူး။ ၂ဝ၊ ၃ဝ လောက်ရှိဖို့ လိုပါတယ်” ဟု Daiwa Institute of Research(DIR) မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ရိုတဆူဂီရှိတာက ပြောကြားသည်။
Securities Company များ တည်ထောင်ရန်မှာ အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရပြီး အိုင်တီအခြေခံ အဆောက်အအုံ များနှင့် ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်ရန် အချိန်ယူရကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများကို ဖွဲ့စည်းရာတွင် လိုအပ်ချက်များကို ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။
Securities Company တည်ထောင်ရန် ကုမ္ပဏီနာမည်တွင် Securities ဆိုသည့်အမည် ပါဝင်ရမည်ဖြစ်ပြီး limited ကုမ္ပဏီ ဖြစ်ရမည်ဖြစ်သည်။
ကုမ္ပဏီလိုင်စင်ကို Securities Exchange Commission တွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
“စတော့အိတ်ချိန်းအတွက် အဓိက လိုအပ်တဲ့ အရာတွေထဲမှာ Securities Comapany တွေ တည်ထောင်ဖို့က လိုနေပါတယ်။ ဒီကုမ္ပဏီတွေကမှ အလားအလာကောင်းတဲ့ ကုမ္ပဏီတွေကို ရှာဖွေပြီး စတော့အိတ်ချိန်းမှာ တင်ရောင်းနိုင်အောင် ကူညီပေးရတာ ဖြစ်ပါတယ်” ဟု DIR မှ စီနီယာ အမှုဆောင်မန်နေဂျင်းဒါရိုက်တာ မစ္စတာဆုမိယူကိကာဇာမာက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်တွင် Securities Company ပေါင်း ၁၈၆ ခု၊ အင်ဒိုနီးရှားတွင် ၁၂၅ ခု၊ ဗီယက်နမ်တွင် ၁ဝ၂ ခု၊ ထိုင်းနိုင်ငံတွင် ၃၈ ခု အသီးသီး ရှိထားကြပြီး မြန်မာနိုင်ငံတွင်မူ Myanmar Securities Exchange Center Co.,ltd နှင့် Daiwa ကုမ္ပဏီတို့သာ ရှိသေးကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများမှာလည်း SEC ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ ဥပဒေအသစ်တွင် တရားဝင် Securities Company များ ဖြစ်စေရန် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ဖော်ဆောင်ရေးကိစ္စရပ်မှာ နှောင့်နှေးခြင်းမရှိဘဲ အစီအစဉ်အတိုင်း သွားနေပြီး ငွေကြေးဈေးကွက် ထူထောင်ရန် အရေးအကြီးဆုံးဖြစ်သော SEC ကို ဖွဲ့စည်းရန်၊ ရန်ကုန်စတော့အိတ်ချိန်း ထူထောင်ရန်၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကာ ရှယ်ယာရောင်းမည့် ကုမ္ပဏီများကို ပြင်ဆင်ပေးရန်တို့ကို တစ်ပြိုင်တည်း ပြုလုပ်နေကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက မကြာသေးမီက ဆိုသည်။
Eleven Media Group
No comments:
Post a Comment