Friday, June 13, 2014

မော်လမြိုင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ဖိအားများကြောင့် နေရာပြောင်း ကျင်းပမည်ဟုဆို



မွန်ပြည်နယ်၊ မော်လမြိုင်၊ ကျိုက္ခမီလမ်းရှိ ဟုန်စံစီဘုံကျောင်း၌ ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ ဖိအားကြောင့် နေရာပြောင်းလဲ ကျင်းပမည် ဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောကြားသည်။
ယင်းဟောပြောပွဲအတွက် ပြည်နယ်ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်သို့ တင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ထံတွင်သာ တင်ပြရန် ပြောဆိုခဲ့ခြင်းကြောင့် ဇွန်လ ၅ ရက်နေ့ကပင် ခွင့်ပြုမိန့် တင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဟောပြောပွဲ ကျင်းပမည့် နေရာကိုပါ တစ်ပါတည်း အသိပေးခဲ့သော်လည်း ဟုန်စံစီဘုံကျောင်း ဂေါပကအဖွဲ့ကို ဖိအားပေးခဲ့ခြင်းကြောင့် သံလွင်ဥယျာဉ်ပန်းခြံဝင်း အတွင်းရှိ New Sky မင်္ဂလာခန်းမသို့ ပြောင်းရွှေ့ဟောပြောမည်ဟု ၎င်းက ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ အခမ်းအနား ကျင်းပရာတွင် သံလွင်ဥယျာဉ် အတွင်းရှိ New Sky မင်္ဂလာခန်းမတွင်း၌သာ ကျင်းပရန်၊ စည်ပင်သာယာပိုင် သံလွင်ဥယျာဉ် အဝင်လမ်း နှစ်ဖက်တွင် ဆိုင်းဘုတ်တင်ခြင်း၊ အလံတိုင်စိုက်ထူခြင်းနှင့် သံလွင်ဥယျာဉ် ပန်းခြံလမ်းတစ်လျှောက် အလံတိုင် စိုက်ထူခြင်း မလုပ်ရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြံပြုစာ ပေးပို့ထားသည်ဟု သိရှိထားကြောင်း ဒေါက်တာခင်ဆောင်က ရှင်းပြသည်။

အဆိုပါ ဘုရားကျောင်းကို ၁၉၆၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး အစိုးရ ခေတ်အဆက်ဆက် ဘုံကျောင်းခန်းမကို ငှားရမ်းခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မတိုင်မီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး လူထုခံယူပွဲများ ပြုလုပ်စဉ်ကလည်း ယင်းဘုံကျောင်းခန်းမကို ငှားရမ်းခွင့် ပြုခဲ့ကြောင်း ဟုန်စံစီဘုံကျောင်း ဂေါပကအဖွဲ့ဝင်များထံမှ သိရှိရသည်။

“ကျွန်တော်တို့က နေရာငှားဖို့ စီစဉ်ထားပြီးသား၊ လက်မှတ်ထိုးပြီး သက်ဆိုင်ရာကို လျှောက်ဖို့ အတွက်လည်း အတည်ပြုထားပြီးသား၊ ဂေါပက ဒုတိယဥက္ကဋ္ဌ လက်မှတ်ထိုးပြီးတော့ လျှောက်လွှာ တင်ထားပြီးပြီ။ ဖြစ်လာတဲ့ အကြောင်းရင်း အသေးစိတ်ကို မပြောချင်ဘူး၊ ကျွန်တော်တို့က ကြားခံအဖွဲ့အစည်း ဖြစ်နေလို့ ရေရှည်အတွက် စဉ်းစားပြီး မပြောတာ။ အကြောင်းအမျိုးမျိုးကြောင့် ဆိုတဲ့ နေရာမှာ အကြောင်းရင်းခံ တစ်ခုပဲ ရှိတယ်” ဟု ယင်းဘုံကျောင်း ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

မြို့နယ်အုပ်ချုပ်ရေး ဌာနအနေနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို ခွင့်ပြုပေးမည် ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး စံရင်မော်က ပြောကြားသည်။

ယင်းဟောပြောပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဌေးကြွယ်တို့ တက်ရောက် ဟောပြောမည် ဖြစ်ကြောင်းနှင့် ယင်းနေရာတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြု လက်မှတ်ရေးထိုးခြင်းများကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List