Friday, June 13, 2014

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ခြောက်လုံးပြူးသေနတ် ကိုင်ဆောင်ရန် စီစဉ်ထားခဲ့ရာမှ ရော်ဘာတုတ်နှင့် ကျဉ်စက်များကိုသာ ကိုင်ဆောင်ခွင့်ပြုတော့မည်



ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒုရဲမှူးအဆင့်နှင့် အထက်အရာရှိများကို ခြောက်လုံးပြူး သေနတ်ကိုင်ဆောင်ရန် စီစဉ်ထားခဲ့ရာမှ ခွင့်ပြုချက်မရတော့သဖြင့် ရော်ဘာတုတ်နှင့် ကျဉ်စက်များကိုသာ ကိုင်ဆောင် ခွင့် ပြုသွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေး က ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့ ဒုရဲမှူးနှင့် အထက်အရာရှိများကို ခြောက်လုံးပြူးသေနတ် ကိုင်ဆောင်ခွင့်ပြုရာတွင် အခြားမလိုလား အပ်သောဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် ရော်ဘာတုတ် နှင့်ကျဉ်စက်များကို ပြောင်းလဲအသုံးပြုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

“စည်းကမ်းပျက်ယာဉ်တွေနဲ့ လမ်းရှင်းလင်းရေးလုပ်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ဖြစ်စဉ်တွေ ရှိလာတဲ့အတွက် စည်းကမ်းအတိုင်း လုံခြုံရေးအရကာကွယ်ဖို့အတွက်၊ ပြန်ခုခံဖို့အတွက် ခြောက်လုံးပြူးသေနတ်တွေကို ကိုင်ဆောင်ခွင့်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ တခြားမလိုလားတဲ့ဖြစ်စဉ်တွေ ထပ်မံ မဖြစ်ပွားစေဖို့အတွက် အထက်က ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ပြန်လည်ခုခံဖို့အတွက် ရဲအုပ်အဆင့်ကနေ အထက်အရာရှိအဆင့်တွေအထိကို ရော်ဘာတုတ်နဲ့ ကျဉ်စက်ကို ကိုင်ခွင့်ပေးမယ်။ 

ဒုရဲအုပ်အဆင့်ကနေ အခြားအဆင့်တွေအကုန်လုံးကို ရော်ဘာတုတ် ကိုင်ခွင့်ပေးသွားပါမယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေး၏ ပြောကြားချက်အရ သိရသည်။

ဇွန် ၉ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ ပင်လုံလမ်းမရှိ ၃၅ ကားမှတ်တိုင်အနီးတွင် စည်းကမ်း ပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့(၉)မှ ရဲအုပ် နေလင်းထွန်းအပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့အချို့သည် စည်းကမ်းပျက်ယာဉ် များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် ဆိုင်ကယ်စီးမှုကြောင့် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ပြီး ဓားခုတ်ခံရမှုကြောင့် ရဲအုပ် နေလင်းထွန်းမှာ ဘယ်ဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List