Thursday, June 12, 2014

သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံ ကိန်းခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးများကို အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းရန် သူရဦးရွှေမန်း ပြောကြား


သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ ကောင်းကျိုး ဆိုးကျိုးများကို အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇွန် ၁၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လောက်ကိုင်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် မေးမြန်းသည့် “သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအား လျှပ်စစ်စီမံကိန်း ခြောက်ခုနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများ သုံးသပ်ပြီး ဆောလျင်စွာ အကောင် အထည်ဖော်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရှင်းလင်းပြရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပြန်လည်ဖြေကြားပြီးနောက် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဦးကျော်နီနိုင်မေးခွန်းရဲ့ အဓိကအချက်က သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများ သုံးသပ်ပြီး ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရှင်းလင်းပြရန် အစီအစဉ် ရှိ၊ မရှိ မေးတာဖြစ်ပါတယ်။ ဒီလို မေးတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီလိုရှင်းလင်းဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုတာကို မေးမြန်းခြင်း ဖြစ်ပါတယ်။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းဖို့ အစီအစဉ် ရှိတယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကနေ ဖိတ်ကြားပြီးတော့ ရှင်းလင်းမှ ပိုပြီးအဆင်ပြေမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဒါနဲ့ပတ်သက်ပြီး မဖြေသွားသော်လည်း ဒီကိစ္စဟာ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းပေးဖို့ ကျွန်တော့်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒီလိုပဲ ပြောပါမယ်။ အဲဒီအတိုင်းပဲ ပိုပြီး အခိုင်အမာ ဖြစ်သွားအောင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့ရက်မှာ လာရောက်ရှင်းလင်းဖို့ အတွက်လည်း ကျွန်တော်တို့ ဖိတ်ခေါ်ပါမယ်။ အဲဒီအခါမှာ ရှင်းလင်းတင်ပြပေးဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ သူရဦးရွှေမန်းက “ခုနက ဒုတိယ၀န်ကြီး ရှင်းလင်းတင်ပြလို့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် လျှပ်စစ်ဓာတ်အား မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လုပ်ကိုင်မယ် ဆိုလို့ရှိရင်လည်း လုံလောက်ပြည့်စုံတဲ့ လျှပ်စစ်ဓာတ်အား မရှိတဲ့အတွက် မလာခြင်း ဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ဟာလည်း လျှပ်စစ်မရတဲ့ အတွက် မလုံလောက်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်တယ်လို့ ယူဆတဲ့အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေနဲ့ စီစဉ်ထားတဲ့အစီအစဉ်များကို ရှင်းလင်းတင်ပြပေးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် များမှတစ်ဆင့် ပြည်သူများမှန်ကန်စွာ နားလည်သဘောပေါက်သွားမယ့်ကိစ္စ ဖြစ်တယ်လို့ ယူဆပါတယ်။ တချို့ကျတော့ မသိကြတဲ့အတွက် တချို့ယုံထင်ကြောင်ထင် ကိစ္စတွေလည်း ရှိနိုင်ပါတယ်။ ခေတ်စနစ်နဲ့ အညီဆိုရင်တော့ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူဖို့ တာဝန်ခံ ဆောင်ရွက်ဖို့ဆိုတာ မလွှဲမသွေလိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပြောကြားရာတွင် နိုင်ငံတော်တွင် လက်ရှိ ၃၀ ရာခိုင်နှုန်းသော ပြည်သူများသာ လျှပ်စစ်မီးရရှိပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိသေးကြောင်း၊ သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀၀ ရှိမည့် ကွမ်းလုံစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိမည့် နောင်ဖစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၂၅ ရှိမည့် မန်တောင်းစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၀၀၀ ရှိမည့် မိုင်းတုံစီမံကိန်း၊ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၀၀၀ ရှိမည့် ရွာသစ်စီမံကိန်းနှင့် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၃၆၀ ရှိမည့် ဟတ်ကြီးစီမံကိန်းများ ဆောင်ရွက် ထားကြောင်း၊ ငလျင်ဒဏ်ခံနိုင်ရေး ကိစ္စများအတွက် Safety Factor လုံလောက်စွာ ထည့်သွင်းတွက်ချက် ထားကြောင်း၊ ထို့ကြောင့် ဒေသဘူမိ အခြေအနေမှာ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် တည်ဆောက် ထားပြီးဖြစ်သော ရေလှောင်တမံများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိကြောင်း ထည့် သွင်းပြောကြားသည်။

သံလွင်မြစ်သည် အလွန်ရေစီးသန်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းစီးဆင်းနေ သည့် မြစ်ဖြစ်သည်။ ရေအားလျှပ်စစ် စီမံကိန်းများ အများစုကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List