Thursday, June 12, 2014

နိုင်ငံတော်သံဃာ့မဟာနာယက လုပ်ရပ်အား မှားတယ်ထင်သူများ တရားရုံးမှာ ဖြေရှင်းနိုင်ဟု သမ္မတ အကြံပေးပြောဆို


မဟာသန္တိသုခကျောင်းအား ချိတ်ပိတ်၍ ကျောင်းအတွင်း သီတင်းသုံးနေ ထိုင်သည့် ရဟန်းပုဂ္ဂိုလ်၊  လူပုဂ္ဂိုလ် များအား ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍  နိုင်ငံတော်သံဃာ့မဟာနာယက  အဖွဲ့၏ဆုံးဖြတ်ချက်အား မှန်ကန်မှု မရှိဟုယူဆပါက တရားရုံးတွင်သွားရောက်ဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြံပေး ဦးအံ့မောင် က ပြောကြားလိုက်သည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်အား ဇွန်လ (၁၀) ရက်နေ့ညတွင်  ၀င်ရောက်တားစီး၍ ချိတ်ပိတ် ခဲ့ခြင်း ဖြစ် ပြီးအဆိုပါ  ကိစ္စနှင့်ပတ်သက်၍   ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“နိုင်ငံတော် သံဃာ့မဟာနာယကကို မမှန်ဘူးထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့ တရားရုံးကိုသွား။”ဟု နိုင်ငံတော် သမ္မတရုံးမှ အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင် ကပြောသည်။

ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းမှာ  နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် အာဏာပိုင် အဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီး ဌာနမှ ညွန်ကြားရေးမှူး ဦးစိန်မော်ကပြောသည်။

“နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက် အရဆောင်ရွက်ရတာ ဖြစ်တယ်။ အကောင်အထည်မဖော်လို့မရဘူး”ဟု ဦးစိန်မော်က ပြောသည်။ 

မဟာသန္တိသုခ ကျောင်းတိုက်အား မြေပိုင်ဆိုင်မှု အရှုပ်အရှင်းများကြောင့် ကျောင်းအတွင်း သီတင်းသုံး နေထိုင်သည့် ရဟန်း ပုဂ္ဂိုလ် လူပုဂ္ဂိုလ်များအား ဖယ်ရှားပေးရန် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဇွန်လ (၁၀)ရက်နေ့ညတွင် စည်းကမ်းထိန်း သံဃာ အပါး(၃၀၀) နီးပါး အပါအ၀င် ရဲတပ်ဖွဲ့မှ ၀င်ရောက် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိ သုခ ကျောင်းတော်ကြီးပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး မတ် ၄ ရက်နေ့တွင်လည်း အဆိုပါ ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျောင်းတိုက် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List