Thursday, June 12, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ နာမည်ကျော်ပုဂ္ဂိုလ်များ၏ ပြောစကားများ




စကိုလာရီ

လက်ရှိဘရာဇီး အသင်းသည် (၂၀၀၂)ခုနှစ်က ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည့် အသင်းကဲ့သို့ အဆင့်အတန်းမျိုး ရှိနေကြောင်း နည်းပြ လူးဝစ်ဖိလစ် စကိုလာရီက ပြောကြားခဲ့သည်။

“လက်ရှိအသင်းနဲ့ (၂၀၀၂)ခုနှစ်က အသင်းတို့ဟာ အရည်အသွေးပိုင်း၊ စုဖွဲ့မှုပိုင်းအရ အများကြီး တူညီနေပါတယ်။ ပွဲတစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့ နည်းစနစ်ပိုင်းမျိုးကို လက်ရှိအသင်းကလည်း ကျေညက်နေပါပြီ။ နေမာကတော့ ဘရာဇီးရဲ့ အဓိက ကစားသမား ဖြစ်လာနိုင်ပြီး (၂၀၀၂)ခုနှစ်က စွမ်းဆောင်မှုမျိုးကို လက်ရှိအသင်းက လုပ်ပြနိုင်မယ် ထင်ပါတယ်”ဟု စကိုလာရီက မှတ်ချက်ပြုသွားသည်။

ခရက်စ်ပို

ခါးသီးပြိုင်ဘက်ကြီး ဘရာဇီး အသင်း၏ အိမ်ခံမြေတွင် အာဂျင်တီးနားသာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါက အသင်းသားများ၏ အသက်ဘေးကိုပင် စိုးရိမ်ရနိုင်ကြောင်း တိုက်စစ်မှူးဟောင်း ဟာနန်ခရက်စ်ပိုက အရွှမ်းဖောက် ပြောကြားခဲ့သည်။

“ဘရာဇီးမြေမှာသာ အာဂျင်တီးနား ဖလားရလိုက်လို့ကတော့ အနီးအနားမှာ ရဟတ်ယာဉ်တွေ ကြိုတင်စီစဉ်ထားဖို့ ကျွန်တော် အကြံပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်သင်းလုံး အသေသတ်ခံရနိုင်တယ်လေ။ ဒါကြောင့် ထွက်ပြေးဖို့အတွက် ကြိုတင်ပြီး ပြင်ဆင်ထားတဲ့ သဘောပေါ့”ဟု ခရက်စ်ပိုက ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ အာဂျင်တီးနားသည် (၁၉၈၆)ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်ထိပင် မတက်ရောက်နိုင်ခဲ့ချေ။

ဆပ်ဘလတ္တာ

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုသွားမည့် အချိန်တို မှုတ်ဆေးဘူးများနှင့် ပတ်သက်ပြီး ဒိုင်လူကြီးများက သဘောကျ ကျေနပ်ကြကြောင်း FIFA ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။ ထိုမှုတ်ဆေးဘူးများသည် ပြစ်ဒဏ်ဘောကန်သည့် အချိန်မျိုးတွင် စည်းသားရန်အတွက် ဒိုင်လူကြီးများက အသုံးပြုပြီး မိနစ်ပိုင်းအတွင်း ပြန်လည် ပျက်ပြယ်သွားမည် ဖြစ်သည်။

“သတင်းကောင်းတွေချည်းပဲ ကြားခဲ့ရတယ်။ ပထမတော့ ဒီဆေးဘူးတွေ သုံးဖို့က အကြံကောင်း ဟုတ်ပါ့မလား ဆိုတာမျိုး သံသယတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးတွေ အားလုံးက ကြိုက်ကြတယ်”ဟု ဘလတ္တာက ပြောဆိုသွားသည်။

ရွန်နီ

ဒဏ်ရာပြဿနာ အနည်းငယ် ကြုံခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်္ဂလန်၏ အုပ်စုအဖွင့် ပွဲစဉ်အမီ ဒန်နီဝဲလ်ဘက် ပြန်ကစားနိုင်လိမ့်မည်ဟု ဝိန်းရွန်နီက အတည်ပြု ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းဖော် ဝဲလ်ဘက် အနေဖြင့် ကြာသပတေးနေ့တွင် လေ့ကျင့်ခန်း မဆင်းသေးသော်လည်း စနေနေ့တွင် ကစားမည့် အီတလီနှင့် ပွဲအမီ အသင့်ဖြစ်နေမည်ဟု ရွန်နီက ဆိုသည်။

“ကြာသပတေးနေ့မှာတော့ ဝဲလ်ဘက် လေ့ကျင့်ခန်း မဆင်းသေးဘူး။ ဒါကလည်း အရဲမစွန့်ချင်တဲ့ သဘောပါ။ သောကြာနေ့ကျရင် လေ့ကျင့်ရေး အစီအစဉ်တွေမှာ သူပြန်ပြီး ပါဝင်လာနိုင်မှာပါ။ ပြီးတော့ စနေနေ့ ပွဲစဉ်အတွက် သူသေချာပေါက် အသင့်ဖြစ်နေပါလိမ့်မယ်”ဟု ရွန်နီက ထောက်ခံပြောဆိုသွားသည်။

မက်ဆီ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာ အသင်းဖော် နေမာနှင့် ထိပ်တိုက်ရင်ဆိုင် ကစားလိုကြောင်း လီယွန်နယ် မက်ဆီက ဖွင့်ဟ ပြောကြားလိုက်သည်။ နေမာသည် ဘရာဇီး၏ တိုက်စစ်ကို ဦးဆောင်လာမည့်ဖြစ်ရာ မက်ဆီက ဗိုလ်လုပွဲတွင် အိမ်ရှင်ဘရာဇီးနှင့် အာဂျင်တီးနားတို့ တွေ့ဆုံပြီး တောင်အမေရိကနှစ်သင်း အားပြိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။

“အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရောက်မယ်ဆိုရင် အိပ်မက်တစ်ခု တကယ်ဖြစ်လာတဲ့ သဘောပါပဲ။ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်နိုင်တဲ့ အခြေအနေ ရှိတယ်လို့လည်း ထင်ပါတယ်။ တကယ်လို့ ဗိုလ်လုပွဲ တက်ဖြစ်တယ် ဆိုရင်တော့ နေမာနဲ့ ပြန်ဆုံချင်ပါတယ်”ဟု မက်ဆီက ဖွင့်ဟသွားသည်။

Ref: Daily Mail, Sky Sports
7Day News Journal

No comments:

Post a Comment

My Blog List