Monday, June 09, 2014

ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီ အီဂျစ်သမ္မတအဖြစ် စတင်တာဝန်ယူ


နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိပြီး စစ်တပ်အာဏာသိမ်းမှုအပေါ် မကျေနပ်သော အင်အားစု များ၏ ဆန္ဒပြမှုများကြောင့် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သော အီဂျစ်နိုင်ငံတွင် မကြာသေးမီက ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း အပ္ပဒူဖာတာ အယ်လ်စီစီသည် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် သမ္မတရာထူးကို စတင် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဗိုလ်ချုပ်ကြီးဟောင်း အယ်လ်စီစီ သမ္မတသစ်အဖြစ် စတင်တာဝန်ယူချိန်တွင် ကိုင်ရိုမြို့တော်၏ အချက်အချာ ကျသော နေရာဒေသများ၌ လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကြက်ထားသည်။ 

အယ်လ်စီစီသည် ယခင်သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူ မွတ်ဆလင် ညီနောင်များ အင်အားစုအပေါ် ဖိနှိပ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ အင်အားစုများက ၎င်းဝင်ရောက် ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲ ပျက်ပြားစေရန် ကြိုးပမ်းခဲ့ကြသည်။ 

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော တရားဝင် ကြေညာချက်အရ စစ်ဘက် အကြီးအကဲ အဖြစ်မှ အငြိမ်းစားယူခဲ့သူ အယ်လ်စီစီသည် မဲ ၉၆ ဒသမ ၉ ရာခိုင်နှုန်း ရရှိကာ အနိုင်ရသွားခြင်း ဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်ဖြစ်သူ လက်ဝဲယိမ်း နိုင်ငံရေးသမား ဟမ်ဒင်းဆာဘာဟီက ၃ ဒသမ ၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ 

သို့သော် ရွေးကောက်ပွဲသို့ လာရောက် မဲပေးခဲ့သူ အရေအတွက်မှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေ။ 

ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် မိန့်ခွန်းပြောဆိုရာတွင် မိမိအနေနှင့် လွတ်လပ်မှုနှင့် လူမှုညီညွတ် မျှတမှုကို အထူးပင် လိုလားကြောင်း အယ်လ်စီစီက ထုတ်ဖော်ပြောဆိုသည်။

“အခုအချိန်ကာလဟာ အလုပ် စလုပ်ရတော့မယ့် အချိန်ပဲ ဖြစ်ပါတယ်၊ အီဂျစ်နိုင်ငံ ကြွယ်ဝချမ်းသာရေး အတွက် ကျွန်တော်တို့တစ်တွေ ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အီဂျစ်ပြည် တည်ဆောက်ရေး အတွက် အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်” ဟု အယ်လ်စီစီက ဆိုသည်။ 

အီဂျစ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အာဏာရှင်ခေါင်းဆောင် မူဘာရက် ပြုတ်ကျသွားသည့် အချိန်ကတည်းက မတည်မငြိမ်မှုများ ဆက်တိုက်နီးပါး ဖြစ်ပေါ်ခဲ့ရာ စီးပွားရေး တိုးတက်မှုလည်း ကျဆင်းခဲ့ ရသည်။ 

ယခု ဗိုလ်ချုပ်ကြီးဟောင်း အယ်လ်စီစီ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနားသို့ အနောက် ကမ္ဘာမှ ခေါင်းဆောင်များ တက်ရောက်မှု နည်းပါးခဲ့သည်ကို တွေ့ရကြောင်း၊ အကြောင်းမှာ မွတ်ဆလင် ညီနောင်များအဖွဲ့ ဦးဆောင်သည့် နိုင်ငံရေး အင်အားစုများအပေါ် ဗိုလ်ချုပ်ကြီးဟောင်း အယ်လ်စီစီ၏ ဖိနှိပ်မှုများနှင့် ပတ်သက်၍ စိုးရိမ်မကင်းသောကြောင့် ဖြစ်ကြောင်း Reuters သတင်းဌာနက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List