Thursday, June 12, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ဆန့်ကျင် ဆန္ဒပြသူများသည် အဆိုးမြင်ဝါဒီများဟု ဘရာဇီးသမ္မတ ပြောကြား



ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ၌ မြို့နေလူတန်းစား အချို့၏ ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြင့်တက်လာသော်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို ဆန့်ကျင် ဆန္ဒပြသူများသည် အဆိုမြင်ဝါဒီများသာ ဖြစ်ကြောင်း ဘရာဇီး မီဒီယာများမှ တစ်ဆင့် ဘရာဇီး သမ္မတ ဒီလ်မာရော့စ်ဆဖ်က ပြောဆိုခဲ့သည်။ 

“ဖြစ်ပျက်နေတာတွေနဲ့ ကြားနေရတာတွေဟာ စိတ်မချမ်းမြေ့စရာပါ။ ဒါဟာ နိုင်ငံကို အကျပ်အတည်း တစ်ခုဆီ ပို့နေသလိုပါပဲ။ သို့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ အားလုံးအသင့် ဖြစ်နေပါပြီ” ဟု ဘရာဇီးသမ္မတက ဆိုသည်။ 

သို့သော်လည်း ဆာပေါ်လိုမြို့တွင် ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားနှင့် ရီယိုဒီဂျနီရိုးမြို့တွင် ကျင်းပမည့် ပိတ်ပွဲ အခမ်းအနားများကို မြို့နေ ဆန္ဒပြသမားများက ဆန့်ကျင်ဆန္ဒပြရန် ခြိမ်းခြောက်မှုများ ရှိနေသည်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ရီကာဒိုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အနေအထားဟု သုံးနှုန်းထားပြီး တာဝန်ရှိသူများအနေနှင့် ကွင်းတွင်း လုံခြုံရေးကို အဓိကထား လုပ်ဆောင်နေကြောင်း ဆိုသည်။ 

ဘရာဇီးသမ္မတ အနေနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသုံးပြုခဲ့သည့် ဒေါ်လာ ၁၁ ဘီလီယံကို ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အသုံးမပြုခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပါက နိုင်ငံ၏ ပုံရိပ် တိုးတက်လာမည် ဖြစ်ပြီး လာရောက်သည့် ဧည့်သည်များ၏ အသုံးစရိတ်အတွက် ရရှိမည့် အကျိုးအမြတ်များအပြင် နိုင်ငံသား တစ်ဦးချင်းစီအတွက် ဂုဏ်ယူဖွယ်ရာ ကောင်းသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ငွေကြေး သုံးစွဲမှုများကို ကာကွယ်ပြောဆိုခဲ့သည်။ 

ထို့အပြင် အားကစားကွင်းများနှင့် အခြေခံအဆောက်အအုံများကို ၂၀၁၀ မှ စကာ ၂၀၁၄ ခုနှစ်အထိ အချိန်များစွာလည်း ရင်းနှီးမြှုပ်နှံခဲ့သဖြင့် တစ်ချိန်တွင် ဘရာဇီးပြည်သူများ အကျိုးများစေမည် ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအဖြစ် ဘရာဇီးနှင့် ခရိုအေးရှားတို့ ကစားရမည့် ဆာပေါ်လိုမြို့ရှိ ကိုရီသီယန်ကွင်း အပြင်ဘက်တွင် ဖွင့်ပွဲအတွက် အလုပ်သမားများ ပြင်ဆင်နေသည်။ 

ယခုအခါတွင် ရဲနှင့် စစ်တပ်တို့ ထောင်ပေါင်းများစွာ တပ်ဖြန့်ထားပြီး ပြိုင်ပွဲ ချောမွေ့စွာ ပြီးစီးရန် ပြင်ဆင် ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List