ယခုအချိန်အထိ ပျောက်ဆုံး နေဆဲဖြစ်သည့် မလေးရှား လေကြောင်းလိုင်း လေယာဉ် MH 370 တွင် လိုက်ပါသွားသော ခရီးသည်များ၏ မိဘဆွေမျိုးများသည် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အတွင်း သတင်း ပေးသူအား ဆုငွေ ချီးမြှင့်ရန် ရန်ပုံငွေ ထူထောင် နေပြီဖြစ်ကြောင်း သိရသည်။
MH 370 အတွက် ဆုကြေးငွေ”ဟု အမည်ပေးထားသော ရန်ပုံငွေ ရှာဖွေမှုကို ရန်ပုံ ငွေရှာဖွေရေး ၀က်ဘ်ဆိုက် Indiegogo တွင်ဖော်ပြ ခဲ့ခြင်းဖြစ်သည်။ လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ထိန်ချန် ထားသောသတင်းများ ရှိနိုင်သောကြောင့် အတွင်းသတင်း ပေးသူအား ဒေါ်လာ (၅) သန်း ချီးမြှင့်မည် ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများက သတင်း ထုတ်ပြန် ခဲ့သည်။
လူ (၂၃၉) ဦး လိုက်ပါသွားသည့် မလေးရှား လေကြောင်း လိုင်းလေယာဉ်သည် မတ်လ (၈) ရက်နေ့တွင် ကွာလာလမ်ပူမှ ပေကျင်းသို့ ဦးတည် ထွက်ခွာပြီး မကြာမီတွင် ပျောက်ဆုံး ခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် အိနိ္ဒယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျခဲ့ ခြင်းဖြစ်နိုင်ကြောင်း ယူဆမှုများ ရှိခဲ့ပြီး သြစတြေးလျ နိုင်ငံမှ ဦးဆောင်ကာ ကျယ်ကျယ် ပြန့်ပြန့် ရှာဖွေမှုများကို ပြုလုပ်ခဲ့သော်လည်း လေယာဉ်အပျက်အစီးတစ်ခု တစ်လေကိုပင် ရှာတွေ့ခြင်း မရှိခဲ့ချေ။
တစ်နေရာရာတွင် တစ်စုံတစ်ဦးက တစ်ခုခုကိုသိရှိနေသည်ဟု ယုံကြည် ထားကြောင်း၊ ယခု ထုတ်ပြန် ပေးမည့် ဆုကြေးကြောင့် တစ်ဦးဦးက ရှေ့ထွက်လာပြီး ဖွင့်ချလိမ့်မည်ဟု မျှော်လင့် ထားကြောင်း “MH 370” အတွက် ဆုကြေး ရန်ပုံငွေ ထူထောင်မှုကို ဦးဆောင်နေသည့် နည်းပညာ ကုမ္ပဏီ အရာရှိချုပ် အီသန်ဟန့်က ပြောဆိုခဲ့သည်။
အစိုးရနှင့် အဖွဲ့အစည်းများသည် လေယာဉ်နှင့်ပတ်သက်ပြီး အစွမ်းကုန် လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သော် လည်း တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုတို့၏ လမ်းလွှဲအောင် လုပ်ဆောင်မှုကြောင့် သက်သေ အထောက်အထား တစ်ခုတလေ ကိုပင် ဖော်ပြနိုင်ခြင်း မရှိခဲ့ကြောင်း လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အမေရိကန် နိုင်ငံသား ဖိလစ်ဝုဒ်၏ မိတ်ဆွေ ဆာရာဘာ့က ပြောဆိုခဲ့သည်။ လေယာဉ်အား ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင် ဦးမည်ဖြစ်ကြောင်း မလေးရှားနှင့် သြစတြေးလျ အစိုးရများက ထုတ်ပြန် ခဲ့သည်။
Messenger News Journal
No comments:
Post a Comment