Monday, June 09, 2014

ရခိုင်အရေး လက်တွေ့ကျကျဖြေရှင်းပေးရန် အစိုးရကို ရခိုင်ကွန်ရက် တောင်းဆို


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခအကျိုးဆက် ပြဿ နာများကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ ကျကျ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက် (ANN) ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားသည်။

မောင်တောမြို့တွင် ရခိုင်တိုင်းရင်းသားများ အကြမ်းဖက်ခံရမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ဇွန်လ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ရခိုင်အမျိုးသား ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အရေးကို အစိုးရက လက်တွေ့ကျကျ ဖြေရှင်းခြင်းများ အားနည်း နေကြောင်း၊ အကြမ်းဖက်ခံရမှု ၂ နှစ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပဋိပက္ခဒဏ်ခံခဲ့ရသည့် ရခိုင် တိုင်းရင်းသားများသည် လုံခြုံမှုမရှိဘဲ နေထိုင်နေရကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသား စိစစ်မှု စသည်တို့ကို လက်တွေ့ကျကျ မလုပ်ဆောင်နိုင်သေးကြောင်း ဦးတင်ထူးအောင်က ဆိုသည်။

“အစော်ကားခံရတာ ၂ နှစ်ပြည့်တိုင်အောင် အစိုးရက အပြောနဲ့ပဲ နှစ်သိမ့်နေတယ်” ဟု ၎င်းကပြော ကြားသည်။

ပဋိပက္ခ ဖြစ်ပွားမှု ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ကျောင်သား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် လုံခြုံရေး အစောင့်အရှောက်များဖြင့် သွားလာနေရခြင်း၊ ဘင်္ဂါလီနှင့် နီးစပ်သည့် နေရာများတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မှုမရှိခြင်း စသည့် ပြဿနာများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား များ၏ ပြောဆိုချက်များအရ သိရှိရသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီက ဆောင်ရွက်နေ ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ 

ရခိုင်တိုင်းရင်းသူ တစ်ဦးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့်သတ်မှု၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ၁၀ ဦး အသတ်ခံရမှုတို့မှ စတင်ခဲ့သည့် ပဋိပက္ခ အကျိုးဆက်အဖြစ် မောင်တောမြို့နယ်၌ ဇွန်လ ၈ ရက်နေ့တွင် ရခိုင်တိုင်းရင်းသား ကျေးရွာ၊ ရပ်ကွက်များကို ဘင်္ဂါလီများက အကြမ်းဖက်၊ မီးရှို့ခဲ့ကြကြောင်း၊ မောင်တော တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြသည်။

(အောင်သီဟ)
The Voice Weekly

No comments:

Post a Comment

My Blog List