Tuesday, June 10, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများအား တန်ပြန်ဆန္ဒပြမှုများကသာ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်သည်ဟု NLD ပြောကြား


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၎င်းတို့လုပ်ဆောင်နေသော ဟောပြောပွဲများသည် ဆူပူမှုကို ဖြစ်စေမည်မဟုတ်ဘဲ ယင်းအပေါ် တန်ပြန်ဆန္ဒပြမှုများကသာ တည်ငြိမ် အေးချမ်းရေးအပေါ် ပျက်ပြားစေနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဇွန် ၈ ရက်တွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံအနှံ့တွင် ဟောပြောပွဲများ လိုက်လံပြုလုပ်နေပြီး ယင်းအပေါ်တွင် တန်ပြန်ဆန္ဒပြမှုများ ရှိခဲ့သည်။ အထူးသဖြင့် အစိုးရဌာနများ ရုံးစိုက်ရာ နေပြည်တော်၌ ပြုလုပ်သည့်ပွဲများတွင် ကန့်ကွက်ဆန္ဒပြမှုများ အများစု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်များတွင် ပြုလုပ်သည့် ဟောပြောပွဲများတွင် တန်ပြန်ဆန္ဒပြမှုများနှင့် ကြုံခဲ့ရကြောင်း၊ အခြားဒေသ အချို့တွင်လည်း ယင်းကဲ့သို့ တန်ပြန်ဆန္ဒပြမှုအချို့ ရှိခဲ့ကြောင်း၊ မပြင်ချင်သည့် ဆန္ဒကို ထုတ်ဖော်ပိုင်ခွင့်ရှိသည် ဆိုသော်လည်း မြန်မာ့နိုင်ငံရေး သမိုင်းအရ သတိထားရမည့် အချက်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နိုင်ငံရေးသမိုင်းကို တစ်ခုသတိထားရမယ်။ ဥပမာအားဖြင့် ၈၈ အရေးအခင်း။ တိုင်းသူပြည်သားတွေက တည်ငြိမ်အေးချမ်းစွာ လုပ်ခဲ့တယ်။ အဲ့လိုတည်ငြိမ် အေးချမ်းစွာ လုပ်ခဲ့တာကို တန်ပြန်အရေးအခင်းတွေ လုပ်တယ်။ ဒါကျွန်တော်တို့ မေ့လို့မရဘူး။ ဒီလိုပဲ ကျွန်တော်တို့ ၂၀၀၃ ဒီပဲယင်း အရေးအခင်း။ အားလုံးယုံကြည်မှု တည်ဆောက်ပြီး နားလည်မှုယူပြီးတော့ နယ်လှည့်စည်းရုံးတယ်။ အဲဒါကို တန်ပြန်ဆန္ဒ ဖော်ထုတ်ပွဲတွေ လုပ်တယ်။ ဆိုလိုချင်တာက အဲ့ဒီလို တန်ပြန်လုပ်တဲ့ သူတွေသာလျှင် တည်ငြိမ်မှုနဲ့ အေးချမ်းမှုကို ပျက်ပြားအောင် လုပ်တာဖြစ်တယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

NLD အနေဖြင့် အဆိုပါ ဟောပြောပွဲများကို ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်ခြင်းဖြစ်ပြီး လက်မှတ်စုဆောင်းသည် ဆိုသည်မှာလည်း တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း ဖြစ်စေလိုခြင်းကြောင့် ဖြစ်ကြောင်း၊ ၄၃၆ မပြင်ချင်သူများ အနေဖြင့်လည်း ဥပဒေဘောင် အတွင်းမှသာလုပ်ရန် လိုကြောင်းလည်း ၎င်းကပြောကြားသည်။

NLD နှင့် ၈၈ မျိုးဆက် အဖွဲ့တို့ လုပ်ဆောင်နေသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများနှင့် ပတ်သက်၍ အကန့်အသတ်များ ရှိနေကြောင်း၊ အထူးသဖြင့် မွန်ပြည်နယ်နှင့် မကွေးတို့နှင့် ပြုလုပ်ရန်ရှိသည့် ပွဲများအတွက် ခွင့်ပြုချက်ကို အကြောင်းအမျိုးမျိုး ပြနေကြောင်းလည်း NLD ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

“၄၃၆ နဲ့ ပတ်သက်လို့ ကျွန်တော်တို့ လုပ်နေတာတွေဟာ ဥပဒေဘောင်အတွင်းက လုပ်နေတာတွေဖြစ်လို့ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဥပဒေကိုကျော်ပြီး လုပ်တာမျိုးကို NLD က ဘယ်တော့မှမလုပ်ဘူး။ ဥပဒေ အတွင်းကတော့ ဆုံးတဲ့အထိလုပ်မယ်။ နောက်ပြီးတော့ သူတို့အနှောင့်အယှက် ပေးတာဟာ ဘာကြောင့် လဲ။ မေးစရာရှိတာပေါ့။ အဓိကကတော့ အဖွဲ့ချုပ်က ၄၃၆ လုပ်လိုက်တဲ့ အခါမှာ အုတ်အော်သောင်းတင်းနဲ့ တစ်ပြည်လုံး လှုပ်ရှားသွားပြီးတော့ တစ်ဖက်ကလည်း အစိုးရိမ်ကြီးပြီးတော့ တန်ပြန်လာတာပေါ့” ဟု ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရသည်။

NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲ ၁၇ ပွဲအထိ ပြုလုပ်သွားရန် လျာထားပြီး ဇွန် ၉ ရက်အထိ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ကယား ပြည်နယ် လွိုင်ကော်မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် များတွင် ဟောပြောပြီးဖြစ်ကြောင်း သိရသည်။


Eleven Media Group 

No comments:

Post a Comment

My Blog List