Tuesday, June 10, 2014

ကချင်စစ်ပွဲ သုံးနှစ်ပြည့် စစ်ရှောင်ဒုက္ခသည်များ အပါအဝင် အထိမ်းအမှတ် ဆုတောင်းပွဲလုပ်


ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေတို့ စစ်ပွဲများ ပြန်လည်ဖြစ်ပွားမှု သုံးနှစ်မြောက်သည့် ဇွန်လ ၉ ရက်တွင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့ရှိ ကချင်လူထုနှင့် စစ်ရှောင်ဒုက္ခသည်များ အထိမ်းအမှတ် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ဆုတောင်းခဲ့သူများထံမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ရုံးမှ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မနောကွင်းထိ လူ ၅၀၀၀ ခန့် ငြိမ်သက်စွာ လမ်းလျှောက် ချီတက်ခဲ့ကြပြီးနောက် နောင်နန်းကျေး ရွာရှိ ကချင်ဓမ္မကောလိပ် (KTC) သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကာ ငြိမ်းချမ်းရေးအတွက် အစားရှောင် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြကြောင်း ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။

ဆုတောင်းပွဲတွင် သုံးနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပတ်သက်သည့် ဓာတ်ပုံများကို ပြသခြင်း၊ စစ်ရှောင်ဒုက္ခသည်များမှ ကြုံတွေ့ခံစားနေရသည်များကို ပြန်လည်ဝေမျှခြင်းနှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့် တေးသီချင်းများ စုပေါင်းသီဆိုခြင်းများ ပါဝင်ခဲ့ကြောင်း ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ စစ်ရှောင် ဒုက္ခသည် တစ်ဦးက ဆိုသည်။

“စစ်ပွဲတွေ စဖြစ်တဲ့ ၂၀၁၁ ခုနှစ်တုန်းက ကျွန်မတို့ မိသားစုတွေ စစ်ရှောင်ရင်းနဲ့ ဘယ်သူထောင်ထားမှန်း မသိတဲ့ မိုင်းကို တက်နင်းမိပြီး ကျွန်မမြေးလေး တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်တစ်ယောက် က မျက်လုံး ကွယ်သွားတယ်” ဟု အဆိုပါ ဆုတောင်းပွဲတွင် အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သူ ဝိုင်းမော် လီဆူးနှစ်ခြင်း ဒုက္ခသည်စခန်းမှ ဒေါ်ခန်းဒါးကော့က ဆိုသည်။

ထို့အတူ ဗန်းမော်ခရိုင် အတွင်းရှိ စစ်ရှောင်ဒုက္ခသည် ၃၀၀၀ ခန့်လည်း နေထိုင်ရာ စစ်ရှောင်စခန်း အသီးသီးမှ ဗန်းမော်မြို့ ကချင်ရိုးရာမနောကွင်းသို့ လမ်းလျှောက်ချီတက်ကာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြ ကြောင်း ဗန်းမော်မြို့ရှိ လူမှုကူညီရေး အဖွဲ့အစည်း တစ်ခုထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List