Friday, June 13, 2014

အခက်အခဲအချို့ကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်လှစ်မှု အခမ်းအနား








ပေါင်စတာလင် (၄.၅)သန်းထိ အကုန်အကျခံ အသုံးပြုခဲ့ပြီး ဖျော်ဖြေရေးသမားများက နာရီပေါင်း (၁၀၀) နီးပါးထိ အကြိမ်ကြိမ်အခါခါ အပင်ပန်းခံ လေ့ကျင့်ထားခဲ့သည့် ရလဒ်အဖြစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသည် အောင်အောင်မြင်မြင် လှလှပပ အကောင်အထည် ပေါ်သွားခဲ့သည်။

ဇွန်လ(၁၂)ရက်နေ့ ညပိုင်းက ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုအေရီနာ ဘောလုံးကွင်းကြီးတွင် ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားသို့ ပရိသတ် (၆၈၀၀၀)မျှ တက်ရောက် အားပေးခဲ့သလို ကမ္ဘာ့တဝှမ်းမှလည်း ပရိသတ် သန်းပေါင်းထောင်နှင့်ချီ စောင့်ကြည့်ခဲ့ကြသည်။

ဖျော်ဖြေရေးအတွက် ရွေးချယ်ထားသူ (၆၆၀)ခန့်သည် အရောင်အသွေး စုံလင်တောက်ပသည့် ဝတ်စုံ အမျိုးမျိုးဖြင့် ကကွက်အမျိုးမျိုး ဖော်ဆောင်ကာ အစွမ်းပြ ဖျော်ဖြေသွားကြသည်။

ဖျော်ဖြေမှု အစီအစဉ်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၃၂)နိုင်ငံ၏ ကိုယ်စားပြု အရောင်များ ဝတ်ဆင်ထားသည့် ကလေးငယ်များဖြင့် စတင်ခဲ့သလို သစ်ပင်များသဖွယ် ဝတ်ဆင်ထားသူများကလည်း ကွင်းအတွင်းသို့ ဝင်ရောက်လာပြီး အားဖြည့်ခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်မှု၏ အဓိက ဦးတည်ရာသည် ဘောလုံးကွင်းကြီး၏ အလယ်ဗဟိုရှိ ကမ္ဘာလုံးကြီးသို့ ဗဟိုပြု ဦးတည်ခဲ့သည်ကိုလည်း တွေ့ရသည်။ ယင်းကမ္ဘာလုံးကြီးပေါ်တွင် ပြိုင်ပွဲဝင် (၃၂)သင်းလုံး၏ နိုင်ငံတော် အလံအသီးသီးနှင့် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် တရားဝင် အသုံးပြုသည့် Brazuca ဘောလုံးတို့၏ ပုံရိပ်များကို ထင်ဟပ် ဖော်ပြသွားသည်။

ပရိသတ် အာရုံကို အဖမ်းစားနိုင်ဆုံး အခိုက်အတန့် တစ်ခုကမူ စူပါစတား Popဂီတ အဆိုတော် ဂျနီဖာလိုပက်ဇ်၊ Rapဂီတ အဆိုတော် Pit Bullနှင့် ဘရာဇီး ဂီတကြယ်ပွင့် ကလော်ဒီယာ လိုင်တေးတို့က ကမ္ဘာ့ဖလား တရားဝင်သီချင်း We Are Oneဖြင့် ပူးပေါင်း ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ လိုပက်ဇ်သည် အစောပိုင်းက ယင်းအစီအစဉ်မှ နုတ်ထွက်သွားခဲ့သော်လည်း FIFAနှင့် ပြန်လည်ညှိနှိုင်းကာ ပြန်လည် ပါဝင်လာခြင်း ဖြစ်သည်။

အဆိုတော် (၃)ဦးသည် ဘရာဇီး အလံတွင် ပါဝင်သော အရောင်များကို ရွေးချယ်ဝတ်ဆင်သွားပြီး Pitbullက အင်္ကျီအဝါနှင့် ဘောင်းဘီအဖြူ၊ လိုပက်ဇ်က ကျောက်စိမ်းရောင် ဝတ်စုံ၊ လိုင်တေးကမူ ဘရာဇီး ဘောလုံး အသင်း၏ တံဆိပ်ပါရှိသည့် အပြာရောင် ဝတ်စုံတို့ဖြင့် အသီးသီး ဖျော်ဖြေခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများတွင် ဘရာဇီးနိုင်ငံမှ ဘောလုံးပရိသတ် အများစုဖြစ်ပြီး အဖွင့် ပွဲစဉ်အဖြစ် ဘရာဇီးနှင့် ကစားမည့် ခရိုအေးရှား ပရိသတ် အချို့သည်လည်း ၎င်းတို့အသင်း၏ အဖြူနှင့်အနီ ကျားကွက်ဂျာစီများကို ဝတ်ဆင်ကာ ပွဲကြည့်စင်ပေါ်တွင် ရှိနေခဲ့သည်။

ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်ပြီး ကဏ္ဍအများစုတွင် ကျေနပ်စရာ ရှိခဲ့ကြောင်း ပွဲကြည့်ပရိသတ်များရော၊ မီဒီယာများကပါ ချီးကျူးခဲ့သော်လည်း အချို့ကမူ အသံပိုင်း နည်းပညာနှင့် ပတ်သက်၍ အားနည်းချက်အချို့ ရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။

အထူးသဖြင့် လိုပက်ဇ်တို့အဖွဲ့ We Are One သီချင်းဖြင့် ဖျော်ဖြေနေစဉ်တွင် နောက်ကွယ်မှ ပဲ့တင်ထပ်သည့်အသံ ဖြည့်စွက်ပံ့ပိုးရာ၌ နည်းပညာပိုင်း လိုအပ်ချက် ရှိခဲ့ပြီး ဘောလုံးကွင်းအတွင်း အသံရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝေဖန်ခံခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားသည် ကြိုတင်ရည်ရွယ်ထားသည့်အတိုင်း ဘရာဇီးနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ဘောလုံးအားကစားအပေါ် ရူးသွပ်စွဲလမ်းမှုများအား ပေါ်လွင်လာအောင် သရုပ်ပါပါ ထင်ဟပ် ပြသနိုင်ခဲ့သည်။ ထို့အပြင် အမေဇုန်သစ်တော အလှအပများကဲ့သို့ ဘရာဇီး၏ သဘာဝရင်းမြစ်များကိုလည်း ဂုဏ်ယူစွာဖြင့် ထည့်သွင်းတင်ဆက်နိုင်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်မှုများသည် မတ်လအတွင်းက ကျရောက်သည့် ဘရာဇီးရိုးရာ ချစ်သူ များနေ့တွင် အစပြုခဲ့သည်။ ဖျော်ဖြေမှု ပြကွက်အလိုက် အဆင်ပြေလိုက်ဖက်မည့်သူများကို ရွေးချယ်ခဲ့ရပြီး ကျောင်းသူကျောင်းသားများ၊ အကပညာရှင်များ၊ ဆပ်ကပ်ပညာရှင်များနှင့် စစ်သားများ ပါဝင်ခဲ့ကြသည်။ ဖျော်ဖြေမှု အစီအစဉ်အတွက်လည်း အသင်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ နာရီပေါင်း (၁၀၀)နီးပါးမျှ လေ့ကျင့်ခဲ့ကြရသည်။

ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ရုပ်မြင်သံကြားမှ စောင့်ကြည့်သူ (၁.၅)ဘီလျံမျှ ရှိလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသော်လည်း လက်တွေ့တွင်မူ ယင်းပမာဏ၏ (၂)မျှအဖြစ် လူပေါင်း(၃)ဘီလျံကျော် ကြည့်ရှုခဲ့ကြသည်။

(၂၀၁၄) ကမ္ဘာ့ဖလားနှင့် (၂၀၁၆) ရီယိုအိုလံပစ်တို့အတွက် ဘရာဇီး အစိုးရအနေဖြင့် ငွေကြေးပုံအော သုံးစွဲသော်လည်း ဆင်းရဲနွမ်းပါးသည့် ပြည်သူများအား မျက်ကွယ်ပြုထားသည်ဆိုကာ ကမ္ဘာ့ဖလားကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့်တိုင် ဖွင့်ပွဲအခမ်းအနား ကျင်းပနေချိန်တွင်မူ အနှောင့်အယှက်ကင်းကင်း အထမြောက် အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

အစောပိုင်းက ဆန္ဒပြသူများသည် ဆော်ပေါ်လိုမြို့စွန်ရှိ ကွင်းကြီး၏ ထောင့်ချိုးတစ်နေရာ၌ စုရုံးရန် ကြိုးပမ်းခဲ့ကြသေးသော်လည်း ရဲတပ်ဖွဲ့က လူစုခွဲနိုင်ခဲ့သည်။ ဖွင့်ပွဲမတိုင်မီတွင် အနည်းဆုံး ဆန္ဒပြသူ တစ်ဦးမျှ ဖမ်းဆီးခံရကြောင်းလည်း ဘရာဇီး မီဒီယာများက ဖော်ပြခဲ့သေးသည်။

ဖွင့်ပွဲအပြီးတွင် အိမ်ရှင် ဘရာဇီးအသင်းက ခရိုအေးရှားကို (၃-၁)ဖြင့် အနိုင်ယူကာ အဖွင့်ရလဒ် လှပခဲ့ ပြီးနောက် ပရိသတ်များက လမ်းမများပေါ်တွင် သီချင်းများ သီဆိုကာ ပျော်ရွှင်စွာဖြင့် လှည့်လည်ခဲ့ကြသေး သည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဇွန်လ(၁၂)ရက်နေ့တွင် အစပြုပြီး ဇူလိုင်လ (၁၃)ရက်နေ့ထိ ကျင်းပ သွားရန် စီစဉ်ထားသည်။

Ref: Daily Mail, BBC
7Day News Journal

No comments:

Post a Comment

My Blog List