Friday, June 13, 2014

လာမယ့်ရွေးကောက်ပွဲတွေကို စောင့်ကြည့်ဖို့ အရပ်ဘက်အဖွဲ့အစည်း တချို့ပူးပေါင်း



ပြည်နယ်နဲ့ တိုင်းတွေက အရပ်ဘက်အဖွဲ့အစည်း ၂၀ လောက်ဟာ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ နောင်လာမယ့် ရွေးကောက်ပွဲတွေကို ပူးပေါင်း လေ့လာစောင့်ကြည့်ဖို့ သဘောတူလိုက်ကြပါတယ်။ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်ကအဖွဲ့တွေအပါအ၀င် အရပ်ဘက်အဖွဲ့အစည်း ၁၇ ဖွဲ့က ရွေးကောက်ပွဲပညာပေးရေးနဲ့ လေ့လာစောင် ကြည့်ရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့အဖြစ် ဇွန်လ ၁၂ ရက်နေ့ ရန်ကုန်မှာ သဘောတူလက်မှတ် ထိုးလိုက် ကြတာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ ရွေးကောက်ပွဲ အထောက်အကူပြုအဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဒီလို ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူလိုက်တာလို့ အဖွဲ့တာဝန်ရှိ သူတွေက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲတွေကို စောင့်ကြည့်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း ကိုတော့ အဖွဲ့ရဲ့ အကြံပေး ဒေါ်မြနန္ဒာက အခုလို ပြောပါတယ်။

“ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့သူတွေကို အသိအမှတ်ပြုကတ် ထုတ်ပေးမယ်လို့ သူတို့ ပြောခဲ့တာ ရှိပါတယ်။ ဘယ်လိုမျိုး ထုတ်ပေးမယ်။ ဘာဆိုတဲ့မျိုးပေးမယ် ဆိုတာမျိုးကို မဆွေးနွေးဖြစ်ပါဘူး။ လက်ရှိသိထားတာက ရွေးကောက်ပွဲကော်မရှင်က လေ့လာသူတွေရဲ့ ကျင့်ဝတ်တွေကို သူတို့ ရေးဆွဲနေတယ်။ ရေးဆွဲပြီးတဲ့အခါမှာ အဆင့်ဆင့်ဆွေးနွေးမှုတွေလည်း လိုပါသေးတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လာမယ့်ရွေးကောက်ပွဲတွေကို စောင့်ကြည့်ဖို့ လိုလားတယ်လို့လည်း ပူးပေါင်းအဖွဲ့ဝင်တွေက ပြောပါတယ်။

ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ မန္တလေးအခြေစိုက် လူထုရပိုင်ခွင့် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က ဦး ဆည်းဆာညီညီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“အခုသူတို့ရဲ့ စမ်းသပ်စီမံကိန်းမှာ စောင့်ကြည့်လိုက်ခြင်းအားဖြင့် ကျနော်တို့အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတို့ အထွေထွေရွေးကောက်ပွဲတို့လောက်မှာ စောင့်ကြည့်ရသူတွေရဲ့ အခက်အခဲက ဘာတွေ ရှိလာနိုင်မလဲ။ သူတို့ရဲ့ လိုအပ်ချက်တွေက ဘာတွေ ရှိလာနိုင်မလဲ။ ဆိုတာ သူတို့ကလည်း မှတ်တမ်းလိုချင်တယ်။ ဒါမှလည်း သူတို့ ပြင်လို့ရမယ်။ သူတို့ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်းပြောတယ်။ သူတို့အနေနဲ့ အမှားပေါင်း မြောက်မြားစွာ ရှိခဲ့တယ်ပေါ့။ သူတို့လည်း တောင်းပန်တယ်။ ဒါတွေကို ပေါ်တင် သူတို့ ထုတ်ပြောတယ်။ အဲဒါကြောင့် သူတို့က ကြိုဆိုတဲ့အတွက် ကျနော်တို့လည်း လက်ခံတယ်။ အရင်တုန်းကထက်စာရင် ဖြေလျော့မှု အများကြီး ရှိတယ်။ ရနိုင်သလောက်တော့ လုပ်မယ်၊ ညှိမယ်ပေါ့။”

ပူးပေါင်းအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေ ပေးသွားဖို့ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာစောင့်ကြည့်သွားနိုင်မယ်လို့လည်း ပူးပေါင်း အဖွဲ့ဝင်တွေက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List