လွတ်လပ်ရေးသက်တမ်း ၆၆ နှစ် ကျော်ကာလတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေမရှိသော ၃၅ နှစ်ကျော် စစ်အုပ် ချုပ်ရေးကာလကို ဖြတ်သန်းခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ အောက်တန်း၊ နောက်တန်းအကျ ဆုံးဖြစ်ခဲ့ရသည်။ ပြည်သူလူထု၏ တင်းပြည့်ကျပ်ပြည့်တိုက်ရိုက် ရွေးချယ်မှု၊ ကိုယ်စားပြုမှု တို့နှင့်အတူ ပြည်သူဗဟိုပြု၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးတို့ကို စနစ်တကျပုံဖော်နိုင်ပြီး ပြည်သူ လူထုကို ဆင်းရဲတွင်းမှဆွဲထုတ် နိုင်ရေးတွင် အခြေခံဥပဒေသည် အခရာကျသည်။ ထို့ကြောင့် ပြည်သူလူထု ၏ နိုင်ငံရေးထွက် ပေါက်စစ်စစ်သည် အခြေခံဥပဒေ ပြင်ဆင်ရေးပင်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဇာတ်စီး ဖော်ဆောင်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုအခြေပြုလှုပ်ရှား
မှုများကို ထွက်ပေါက်ပိတ်နိုင်ငံရေးဟု အစိုးရနှင့်နီးစပ်သူများက အမည်တပ်ကြသည်။ ပြည်သူ၏ ထွက်ပေါက်ဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုကို ထွက်ပေါက်ပိတ်နိုင်ငံရေးဟုဆိုလျှင် ရယ်ဖွယ်သာဖြစ်လိမ့်မည်။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကိုရှေးရှုပြီး သူနိုင်၊ကိုယ်နိုင် သဘောဆောင်သော နိုင်ငံရေးတို့သည် ထွက်ပေါက်ပိတ်ရိုးထုံးစံမရှိပေ။ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့သော နိုင်ငံရေးမျက်နှာ
စုံညီတွေ့ဆုံဆွေးနွေးရေးကို အစိုးရအနေဖြင့် တုံဏှိဘာဝေတုံ့ပြန်ခြင်းသည်က အကယ်စင်စစ်နိုင်ငံရေး ထွက်ပေါက်ပိတ်ခြင်းဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။
ပါတီစုံဒီမိုကရေစီလမ်းပေါ် တွင် စစ်အာဏာသိမ်းယူခြင်း သည်လည်း ထွက်ပေါက်ပိတ်ခြင်း (သို့မဟုတ်) ပြည်သူလူထုကို လှောင်ပိတ်လိုက်ခြင်းပင်ဖြစ်သည်။ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ် နှင့် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း မှုများအလွန် အစိုးရများလက် ထက်တွင် နိုင်ငံရေးထွက်ပေါက် ပိတ်ခဲ့သည်မှာ မျက်ဝါး ထင်ထင် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံရေးတွင် ထွက်ပေါက်ပိတ် သည်ဟုမရှိ။ စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်တွင်သာ ထွက်ပေါက်ပိတ်၊ တစ်ဖက်ပိတ်၊ တစ်လမ်းမောင်း နိုင်ငံရေးများ ထွန်းကားခဲ့သည်ကို မြန်မာတတ် သိပညာရှင်များနှင့် ပြည်သူလူထု သည် ဘဝပေါင်းများစွာနှင့်ရင်းနှီး လျက် နားလည်သဘောပေါက်ခဲ့ ကြရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲရန်ဆန္ဒရှိသော တပ်မတော်နှင့်ခုန်ပျံ ကျော်လွှား ပြောင်းလဲရန် ဆန္ဒရှိ သော အမျိုးသားဒီိမိုကရေစီအဖွဲ့ ချုပ်တို့အကြား ရင်ကြားစေ့ရေး သည် ကမ်းမမြင်၊ လမ်းမမြင်ဟု အာဏာပိုင်များနှင့် နီးစပ်သူများက မှတ်ချက်ပြုကြသည်။ ဒေါ်စု နှင့် ဒီချုပ်သည် တပ်မတော် အပေါ် ဖိအားပေးလွန်းသည်ဟုပင် ကောက်ချက်ပြုကြသည်။
တပ်မတော်အနေဖြင့် တဖြည်းဖြည်း ဖြေလျှော့လာနိုင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ပြီးမှ အခြေခံ ဥပဒေပြင်ဆင်ရေးကို လိုလားသည့်သဘောများကိုလည်း သတိပြုမိသည်။
သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင် သင့် ကြောင်း ယေဘုယျအားဖြင့် သဘောတူပြီးဖြစ်သည်။ ပြင်ဆင်မှုအတိမ်အနက်နှင့် လုပ်ငန်းစဉ် များအပေါ်တွင် အမြင်သဘောထား မတူညီကြခြင်းသာဖြစ်သည်။
အခြေခံဥပဒေကို လွှတ် တော်လမ်းကြောင်းမှပြင်ဆင်မည့် နိုင်ငံရေးအတိုက်အခံများကို ထိပ်တိုက်တွေ့လို သူများဟု တံဆိပ် ကပ်မည်ဆိုလျှင် မတရားလွန်းရာ ကျမည်ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကိုဖော် ဆောင်ပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်သင့်သည်ဟု အာဏာပိုင်နှင့် နီးစပ်သူများ၏ စဉ်းစားချက်သည် စိတ်ကူးယဉ်ဆန်ပြီး အလုပ်ဖြစ် နိုင်ခြေနည်းပါးသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတို့သည် ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီနေသည့်အလျောက် တစ်ခုပြီးမှတစ်ခုလုပ်ခြင်းထက် ပြိုင်တူ၊ ခြေလှမ်းတူဖော်ဆောင် နိုင်ရန် အရေးကြီးသည်။
အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသော အသည်းအသန်လူနာကို တစ်ခုပြီးမှတစ်ခု ကုသမည်ဟု ဆုံးဖြတ်၍မရသည့် နည်းတူ၊ နိုင်ငံရေးအထူးကြပ်မတ်ကုသဆောင်တွင် နိုင်ငံရေး ‘ကိုမာ’ရနေသည်ဟုဆိုနိုင်သော မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးကို ပြိုင်တူ တွန်းနိုင်မှသာ သိသာမြင်သာသောအရွေ့များကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက နိုင်ငံရေး ‘ကိုမာ’သည် ဆိုးသထက်ဆိုးကာ တိုင်းပြည်နှင့်ပြည်သူကို အကျိုးနည်းစေနိုင်သည်ကိုလည်း မျက်ခြည် မပြတ်သင့်ပါ။
ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းပွင့်တို့ သည် ပုဒ်မ ၄၃၆ ကို အဓိကပြင် ဆင်နိုင်ရန် ပြည်သူလူထုထောက် ခံမှုရရှိရေး စည်းရုံးဆော်ဩသည်။ ဒေါ်စု၊ ဒီချုပ်၊ ၈၈ ငြိမ်းပွင့်နှင့် ဒီမို ကရက်တစ်အစုအဖွဲ့များတို့ကို ခုန်ပျံကျော်လွှားအစုအဖွဲ့များ၊ တဖြည်းဖြည်းပြောင်းလဲရန် ဆန္ဒ မရှိသူများဟု တစ်ဖက်သတ် အမည်တပ်စွပ်စွဲနိုင်သည်။ ဖွဲ့စည်း ပုံပြင်ဆင်ရေး လူထုအခြေပြု လှုပ်ရှားမှုသည် လူထုထောက်ခံမှု နှင့် နိုးကြားမှုကို မှတ်ကျောက်တင် နိုင်သော လှုပ်ရှားမှုသာဖြစ်ပြီး ဖိအားပေးခြင်း မဟုတ်သည်မှာ သိသာမြင်သာသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ် ရှားမှုများသည် ဒေါ်စုနှင့် ဒီချုပ် အကျိုးအတွက်သာဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများ၏အကျိုးအတွက် မြင့်မြင့်မားမားမမျှော် မှန်းနိုင်ဟု အာဏာပိုင်နှင့်နီးစပ်သူတို့က အသံပြုကြ သည်။ ဒေါ်စု၊ ဒီချုပ်နှင့် တိုင်းရင်းသားပါတီများအကြား ထိုးခွဲခြင်းဖြစ်သည့်နည်းတူ အာဏာပိုင်များက တိုင်းရင်း သားများကို တစ်ဖက်လှည့်ဖြင့် ရန်တိုက်ကာ မိမိဘက်ပါအောင် ဆွဲဆောင်ယူမည့်သဘောထားရှိ သည်။ ဒေါ်စုနှင့် ဒီချုပ်ပါတီတို့ သည် ဖက်ဒရယ်ပြည်ထောင်စုကို သဘောတူပြီးဖြစ်သည့် အ လျောက် တိုင်းရင်းသားများ၏ ကိုင်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရည်တူခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ အကျုံးဝင်သော အခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးထားကြ မည်ဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေး နှင့်ဆက်စပ်သော အားပြိုင်မှုများကို အကြောင်းပြုလျက် အာဏာပိုင်နှင့် ဒီချုပ် အကြားထိပ်တိုက် တွေ့မှုများအထိ ဖြစ်လာနိုင်သည်ဟု နှပ်ကြောင်းပေးနေသူများတွင် အာဏာပိုင်နှင့် နီးစပ်သူများသည် ရှေ့တန်းမှဖြစ်သည်။ ဒီချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းပွင့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးလှုပ်ရှားမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဇောင်းပေး လုပ်ဆောင် နေပြီး တိုင်းရင်းသားများ၏ခံစားချက်များကို လျစ်လျူရှုထားသည့် အသွင် ဇာတ်ရုပ်ဆင်ကာ လက်ရှိ သမ္မတ၏ ဒုတိယသက်တမ်းအတွက် ဇာတ်ညွှန်းရေးနေခြင်းမှာလည်း နိုင်ငံရေးအရ အကျည်း တန်လွန်းလှသည်ဟု သုံးသပ်နိုင်သည်။ အချုပ်အားဖြင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးသည် နိုင်ငံရေးထွက်ပေါက် စစ်စစ်ဖြစ်ပြီး ပြည်သူအများစု ကိုယ်စားပြုမည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို ကျောခိုင်းခြင်း သည် နိုင်ငံရေးထွက်ပေါက်ပိတ် ခြင်းဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် မျက်နှာစုံညီနိုင်ငံရေးဆွေးနွေးမှုများ မကျင်းပနိုင်ခြင်းသည် နိုင်ငံ ရေး ထွက်ပေါက် ပိတ်ခြင်းဖြစ် သည်။ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရည်တူသာတူညီမျှ အခွင့်အရေးများကို မျက်ကွယ်ပြု ခြင်းသည် နိုင်ငံရေး ထွက်ပေါက် ပိတ်ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးထွက်ပေါက်ပိတ်ခြင်း တံခါးများကိုဖွင့်နိုင်မည့် သော့ ချက်ဖြစ်သော အခြေခံဥပဒေပြင် ဆင်ရေး၊ တစ်နည်းအားဖြင့် ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို မတိမ်း မစောင်း ဗိန်းဗောင်းတိုက်ဖော် ဆောင်သင့်ပါကြောင်း တိုက်တွန်း ဆော်ဩလိုက်ရပါသည်။
7Day News Journal
No comments:
Post a Comment