မြန်မာနိုင်ငံအတွင်း လူမှုအဖွဲ့အစည်းအတွက် လိုအပ်သည့် လုပ်ငန်းများကို ကိုယ်ကျိုးစွန့််အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ/ အဖွဲ့အစည်း တို့အား ပြည်ပရောက် မြန်မာမိသားစုများက စုပေါင်းဂုဏ်ပြုသည့် ပြည်သူ့ ဂုဏ်ရည်ဆု (Citizen of Burma Award) ၂၀၁၅ ခုနှစ်အတွက် ဆုရှင်မှာ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ဖြစ်ပြီး အထူးဆုအဖြစ် လှည်တန်း တွင် ငါးကင်ရောင်းရင်း တပိုင်တနိုင်အဖြစ် စာပေဝါသနာရှင်များ ဖတ်ရှုနိုင် ရန် မန္တလေးစာကြည့်တိုက် ဖွင့်လှစ်ထားသည့် ကိုဇော်ဇော်နှင့် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က ဆင်းရဲနွမ်းပါးသူများအတွက် တန်ဖိုးသင့်ညစာ ရောင်းသည့် ဒေါက်တာ နန္ဒဝင်းတို့က ရရှိခဲ့သည်။ ဆုကြေငြာသည့် အခမ်းအနားကို အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်တွင် ဇွန် ၇ ရက်က ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့သည်။
အထူးဆုရရှိသည့် ကိုဇော်ဇော်ကို မဇ္ဈိမက မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်သည်။
မေး - အကို့ ဇာတိနဲ့ မိသားစုအကြောင်း၊ ၀ါသနာအကြောင်းတွေ ပြောပြပေးပါ။
ဖြေ - မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် ပူတာရွာမှာနေပါတယ်။ မွေးချင်း ၆ယောက်မှာ ဒုတိယမြောက်သားပါ။ လေးတန်းအောင်ပါတယ်၊ ငါးတန်း တက်ခါနီး စီးပွားရေး အဆင်မပြေလို့ ရန်ကုန်မြို့ကို ၂၀၀၇ မှာ တက်လာပါတယ်၊ ဘီယာဆိုင်မှာ ပထမဆုံး အလုပ်လုပ်ပါတယ်။ ကျွန်တော့် အဘိုးက စာပေတွေဖတ်တယ် ဘိုမြတို့ ဂျာနယ်တွေ၊ လူထုဒေါ်အမာတို့ ဖတ်ပြီး ကျွန်တော်ကို ပုံပြင်လို့ ပြန်ပြောတယ်။ အဲဒါ လောကမှာ စာတက်ဖို့မလို့ဘူး စာမတတ်လည်း စာအရမ်းဖတ်ရင် ပညာတက်တာပဲဆိုတဲ့ စကားက ကျွန်တော့်အတွက် ခွန်အားဖြစ်ခဲ့ပါတယ်။ စာဖတ်တာ ဝါသနာ ပါလာတယ်။
မေး - စာအုပ်အဌားဆိုင်ကို ဘယ်လိုစိတ်ကူးမျိုးနဲ့ ဖွင့်ဖြစ်သွားတာလဲ။
ဖြေ - ကျွန်တော်ရန်ကုန်ကို ဒီနေ့လိုရောက်တယ်၊ မနက်ဖြန်မှာ နာဂစ်ဖြစ်တယ်၊ အဲဒီ့အချိန်မှာ ကျွန်တော့်အသက် ၁၃နှစ်ပဲရှိတယ်။ စာဖတ်ချင်လို့ စာအုပ်သွားငှားတာကို မှတ်ပုံတင်ပြဦး၊ memberဝင်ရမယ်၊ သန်းကောင်စာရင်းပြဦးဆိုတော့ ကျွန်တော် ၁၃နှစ်မှ နယ်ကလာတာ မှတ်ပုံတင်လည်းမရှိဘူး၊ အရမ်းအောက်ကျတယ်။ ကျွန်တော်မခံချင်စိတ်နဲ့ စာကြည့်တိုက်ဖွင့်မယ်ဆိုပြီး ရသမျှ ငွေလေးနဲ့ အိမ်ကို တပြားမှ မပေးဘူး စာအုပ်တွေ ဝယ်စုခဲ့တယ်၊ အဲဒီစာအုပ်တွေ ဖတ်ပြီးတော့ ကျွန်တော့်မှာခွန်းအားတွေ ဖြစ်ခဲ့ပါတယ်၊ အကြော်ဆရာဆီက တက်တဲ့ပညာသင်တယ်၊ အဲဒီကနေ ငါးကင်ပညာတတ်သွားခဲ့တယ်။
ကျွန်တော်ဖတ်တဲ့ စာအုပ်ထဲမှာ ဗယာကြော် ရောင်းတာတောင် အောင်မြင်တယ်ဆိုတာကို ဖတ်လိုက်ရတယ်။ အဲဒီအချိန်မှာ ၂၀၀၈ ခုနှစ်၁၂ လပိုင်းမှာ ကိုယ်ပိုင်လုပ်မယ်ပေါ့။ ဒီအတိုင်းသူများဆီ လုပ်နေလို့မဖြစ်တော့ဘူးဆို ထွက်လိုက်တယ်၊ ကျွန်တော်ကိုယ်ပိုင် ငါးကင်းဆိုင်ဖွင့်မယ်ဆိုပြီး လုပ်ရဲသွားတာပါ၊ ကျွန်တော်ထွက်လာတော့ လက်ထဲမှာ ပိုက်ဆံငါးသောင်းနဲ့ စပြီး အရင်းတည်တာပါ။ အဲဒီ့အချိန် စီးတဲ့ဖိနပ်ပျက်တာတောင် သရေကြိုးမလည်နိုင်ခဲ့ဘူး၊ အခု ကျွန်တော့်မိသားစုတွေ မပူမပင်လည်း နေနိုင်ပါပြီ။
မေး - စာအုပ်ဆိုင်အကြောင်းလေး ပြောပြပါဦး။
ဖြေ - စာအုပ်အငှားဆိုင်ကို မဖွင့်နိုင်သေးဘူး။ နီးစပ်ရာတွေကို စာအုပ်လိုက်ငှားတဲ့ အခမဲ့ အရက်ဆိုင် ဘီယာဆိုင် လ္ဘက်ရည်ဆိုင်က အစ စာအုပ်တွေ လိုက်ငှားတယ်။ နောက်ကားမှတ်တိုင်းတွေမှာ မန္တလေးစာကြည့်တိုက် အခမဲ့ငှားသည်။ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတယ် ဆိုတာကို လိုက်ကပ်ထားတယ်။ ကိုယ်ကိုယ်တိုင်လည်း စက်ဘီးနဲ့ လိုက်ပို့ပေးတယ်၊ ခုဆို ကျွန်တော့် စာကြည့်တိုက်ကို မနက် ၁၁နာရီကနေ ည ၁၂နာရီ အထိ ဖွင့်ထားတယ်။ လာငှားတဲ့သူကို ကိုယ်ကြိုက်တဲ့စာအုပ်ကိုရွေးတယ် ကိုယ်ဘာသာ မှတ်တမ်းရေး ပြန်လာအပ်တဲ့နေ့ ကိုယ်ဘာသာ ပြန်စီပေး ကိုယ်ထူကိုယ်ထစနစ် လုပ်ထားတယ်။ တံဂါးဖွင့်ထားတယ် ရန်ကုန်တစ်မြို့လုံး သိသိ မသိမသိ ယူပါ။ လူတစ်ရာမှာ ၈၅ယောက်လောက် ပြန်လာအပ်ကြတယ်၊ ပြန်မပေးလည်း ကျွန်တော် ၀မ်းသာတယ်။ ကျွန်တော်စာအုပ်ကို လိုချင်လို့ယူတာ ကျွန်တော်ကျေနပ်တယ်။
မေး - အကို ဆုလည်းရတော့ ရှေ့ဆက် ဘာတွေလုပ်သွားဖို့ရှိသလဲ။
ဖြေ - အမှန်တိုင်းပြောရရင် ကျွန်တော်က လေးတန်းအောင်ပါ။ ကိုယ်နာမည်၊ ကိုယ့်ရွာကိုတောင် မရေးတတ်ဘူးဗျ၊ ဇော်ဇော်ဆိုတာတောင် မရေးတတ်ခဲ့ဘူး။ အခုခေတ်မှာက လူ၁၀ဦးမှာ တစ်ဦးကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲဘူး။ ကြည့်လိုက်တာနဲ့ မင်းဘာကြည့်တာလဲဆိုပြီး ရိုက်ဖို့လောက်ပဲသိတယ်၊ အဲတော့ စာပေဖတ်ပြီး အသိတရားရပြီး လူ၁၀၀မှာ ၁ယောက်လောက် အသိတရားရသွားမယ်ဆို ကျေနပ်တယ်။ ကျွန်တော် လမ်းဘေးမှာ ငါးကင်းရောင်းရင်းနဲ့ ကျွန်တော့်ဘဝကို စာကြည့်တိုက်ထဲမှာပဲ မြုပ်နှံသွားမယ်။
မေး - ဆုရတာကိုရော ဘယ်လိုသိခဲ့ရလဲ။
ဖြေ - ကျွန်တောကို ဇွန် ၃ရက်နေ့က ဖုန်းလာတယ်၊ ကိုဇော်ဇော်လားလို့မေးတော့ ဟုတ်ကဲ့ပါ၊ ကျွန်တော်က ကိုသန်းထိုက်ပါ အမေရိကားက ဆက်တာပါလို့ပြောတယ် အကို ပြည်သူ့ဂုဏ်ရည်ဆုရတယ်လို့ ပြောတယ်၊ ကျွန်တော် ဝမ်းသာပါတယ်၊ နောက်နေ့ ကျွန်တော့်ကို ဓာတ်ပုံလာရိုက်တယ်၊ နောက် အမေရိကားမှ ဆုပေးပွဲကို ကျွန်တော့်ကို ရိုက်သွားတဲ့ ပုံတွေကို ပရိုဂျက်တာနဲ့ ပြတယ်၊ မြန်မာပြည်မှာတော့ ဇွန် ၁၄ရက်နေ့မှာ ပွဲလုပ်သွားမယ်၊ ဘယ်နေ့ရာမှာ လုပ်မယ်လို့ အကြောင်းထပ်ကြားမယ်လို့ပြောပါတယ်။
မေး - ဆုရတဲ့အတွက် အကိုအနေနဲ့ ဘာပြောချင်လဲ။
ဖြေ - ကျွန်တော်မြန်မာပြည်ကို ချစ်တယ်၊ မြန်မာစာကိုလည်းချစ်တယ်၊ ခုလိုဆုပေးတာ သူများနိုင်ငံက ဆုပေးတယ်။ အတိုင်းမသိ ၀မ်းသာတယ်။ ကျွန်တော်ခံယူချက်က မျှော်လင့်ချက်နဲ့ အလုပ်လုပ်တာ မဟုတ်ဘူး၊ ဘွဲ့ရပြီး စာတတ်ဖို့ မလိုဘူး။ ဆုရပြီး အသုံးမချတက်ရင် အလာကားပဲ၊ ဘွဲ့ရပြီး ပညာတတ်ပြီး အသုံးမချတက်ရင် အလာကားပဲ အမှန်တကယ်က ဘွဲ့ရရင် ပညာတတ်တယ်လို့ ထင်နေကြတာ၊ အင်္ဂလိပ်စာ မတောက်တခေါက်နဲ့ မြန်မာစာမတတ်ရင် ပညာတတ်တာမဟုတ်ဘူး၊ သိတဲ့ပညာနဲ့ တက်တဲ့ ပညာနဲ့ အသုံးချစေချင်တယ်၊ လမ်းဘေးဈေးသည်တစ်ယောက်ကို စာအုပ်တောင် အငှားမပေးချင်ခဲ့တဲ့သူကို သူများနိုင်ငံက ဒီလိုဆုပေးတော့ ဝမ်းသာပါတယ်။
မေး - အကိုနဲ့ ဘ၀တူ လူငယ်တွေကို ဘာပြောချင်လဲ။
ဖြေ - ကျွန်တော်တို့လို ဆင်းရဲတဲ့ ဘ၀တူတွေ နယ်ကတက်လာတယ်။ စာငတ်ခဲ့တယ်။ ကျွန်တော် စက်ရုံ အလုပ်သမားတွေ။ လမ်းဘေးဈေး သည်တွေ၊ စာပွဲထိုးတွေ သူတို့ကိုလည်း စာဖတ်စေချင်တယ်။ အားမငယ်စေချင်ဘူး။
Mizzima - News in Burmese
No comments:
Post a Comment