Sunday, February 01, 2015

ပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျောင်းသားများတင်ပြသော ဆွေးနွေးပွဲမူဘောင် ကိုးချက်ကို အကြိတ်အနယ်ဆွေးနွေးနေဆဲ





ရန်ကုန်မြို့စိန်ရတုခန်းမတွင် ပြုလုပ်နေသော လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၂၀ မှစတင် ခဲ့ပြီး ယခုအချိန်အထိ ကျင်းပနေရာမူလ ၁၁ ချက် မဆွေးနွေးမီ ကျောင်းသားများဘက်မှ တောင်းဆိုသော ဆွေးနွေးပွဲမူဘောင် ကိုးချက် (Pre-Condition ကိုးချက်)ကို ဆွေးနွေးရာတွင် သုံးချက်သာ သဘောတူညီမှုရ ရှိသေးပြီး နံပါတ် (၄)နှင့် နံပါတ် (၅) ကိုကျော်၍ နံပါတ် ၆ ကို ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်သည်။
အစိုးရ၊ လွှတ်တော်၊ NNER နှင့် သပိတ်မှောက်ကျောင်းသားများ၏ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် စတင်ကျင်းပခဲ့ပြီး သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်များ ၁၀ မိနစ်ကျော်နောက်ကျ၍ ရောက်ရှိလာခဲ့သည်။

ဆွေးနွေးပွဲစတင်ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ၊ လွှတ်တော်၊ NNER နှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တစ်ဦးစီက အဖွင့်စ ကားပြောကြား ခဲ့ပြီးနောက် Coffee Break ခေတ္တရပ်နားခဲ့သည်။ ယင်းအချိန်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီက တွေ့ဆုံဆွေးနွေးပွဲမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

နံနက် ၁၀ နာရီခွဲတွင် အစည်းအဝေးများ ပြန်လည်စတင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး ကျောင်းသားများဘက်မှ မဖြိုးဖြိုးအောင်က ဆွေးနွေးပွဲမူဘောင် (Pre-Condition) အချက် ကိုးချက်ကို တင်ပြခဲ့သည်။ အစိုးရဘက်မှ ဆွေးနွေးပွဲမူဘောင်ကို တရားဝင်စာပို့ရန် ပြောကြားခဲ့ပြီး Coffee Break ထပ်မံနားခဲ့သည်။

တင်ပြထားသည့် အစည်းအဝေးမူဘောင် ကိုးချက်ထဲမှ ပထမဆုံး သုံးချက်ကို သဘောတူခဲ့ကြပြီး နံပါတ် ၄ ဖြစ်သော သဘောတူညီမှုသည် ကျောင်းသားကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရမည် ဆိုသော အချက်ကိုကျော်လိုက်သည်။ နံပါတ် ၅ အချက်တွင် လက်ရှိဖွဲ့စည်းထားသည့် ကျောင်းသား၊ ဆရာ သမဂ္ဂ များ၏ တရားဝင်မှုကို အသိအမှတ်ပြုရမည်ဆိုသည့်အချက်တွင် အစိုးရဘက်က ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ NNER မှ ဒေါက်တာတင်လှိုင်၊ ဒေါက်တာ တင်အောင်နှင့် သပိတ်မှောက်ကျောင်းသားများ ဆွေးနွေးခဲ့ကြပြီး သဘောတူ ညီချက်မရရှိဘဲ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ထမင်းစားရပ်နားခဲ့သည်။
ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဆွေးနွေးပွဲဆက်လက်ဆွေးနွေးရာ နံပါတ် ၅ အချက် ခေတ္တထားပြီး ပညာရေး မူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ ဆက်စပ်ဥပဒေ များရေးဆွဲရာတွင် ကျောင်းသား၊ ကျောင်းသူကိုယ်စား လှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရမည်ဆိုသော အချက်ကို ညနေ၆နာရီခန့်အထိ ဆွေးနွေးနေဆဲ ဖြစ်သည်။

သပိတ်မှောက်ကျောင်းသားများ တင်ပြသည့် ဆွေးနွေးပွဲမူဘောင် ကိုးချက်

၁။ ဆွေးနွေးပွဲတစ်ကြိမ်ပြီးတိုင်း သဘောတူထုတ်ပြန်ချက်များ ပူးတွဲထုတ်ပြန်ရမည်။
၂။ ဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူလူထုထံသို့ လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့် ရှိရမည်။
၃။ ဆွေးနွေးပွဲအတွင်း ညီတူညီမျှ တန်းတူအခွင့်အရေးရှိရမည်။
၎။ သဘောတူညီမှုသည် ကျောင်းသားကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရမည်။
၅။ လက်ရှိဖွဲ့စည်းထားသော ကျောင်းသား၊ ဆရာသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမည်။
၆။ ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ ဆက်စပ်ဥပဒေများရေးဆွဲ
ရာတွင် ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ်များ၊ ဆရာ၊ဆရာမကိုယ်စားလှယ်များ ပါဝင်ရမည်။
၇။ ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမှ သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်းမပြုရ။
၈။ ကျောင်းသား၊ ပြည်သူများကျေနပ်သော ပညာရေးဥပဒေကြမ်း၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများကို ရက် ၃၀ အတွင်း ဆွေးနွေးရရှိလာရမည်။
၉။ လွှတ်တော်မှ အတည်ပြုရာတွင်လည်း ကျောင်းသားထု၏ လိုလားချက်များနှင့် ကိုက်ညီမှုရှိရမည်။

7Day Daily

No comments:

Post a Comment

My Blog List